ဒီဇင်ဘာလ (၂၈)ရက်။
တစ်နိုင်ငံလုံးစစ်ဆင်ရေးပုံစံနဲ့ ဖက်ဆစ်စစ်အာဏာရှင်တွေကို တော်လှန်တိုက်ထုတ်နေကြတာက ၁၉၄၅ခုနှစ်၊ မတ်လက မြန်မာနိုင်ငံထဲကနေ ဖက်ဆစ်ဂျပန်တွေကို မောင်းထုတ်တဲ့ အသွင်သဏ္ဍာန်နဲ့တူတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က စစ်ဆင်ရေးနှစ်လပြည့်တဲ့နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်ရဲ့ မရှုမလှ ရုပ်ပျက်ဆင်းပျက် ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်၊ မြင်ကွင်းတွေဟာ နေ့စဉ်နဲ့အမျှ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် တစ်ပြိုင်နက်ထဲ ဘုံရန်သူစစ်ကောင်စီကို တော်လှန်တိုက်ခိုက်တဲ့ အဖွဲ့အစည်းတွေကလည်း တစ်ရက်ထက်တစ်ရက် များပြားလာနေတာက ပြည်သူတစ်ရပ်လုံး လိုလားတဲ့ဆန္ဒကို ပြည့်ဝဖို့ နီးစပ်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုတစ်ကြိမ်၊ အခုအခွင့်အရေးကို အမိအရ ရယူပြီး ပြည်သူတစ်ရပ်လုံး လိုလားတဲ့ဆန္ဒကို ပြည့်ဝစေဖို့ လာမယ့်နှစ်သစ်မှာ အခုထက် အားစိုက်ကြိုးပမ်းကြဖို့ကိုလည်း ညီနောင်(၃)ဖွဲ့က တိုက်တွန်းထားပါတယ်။
နှစ်လတာ စစ်ဆင်ရေးကာလထဲ စစ်ကောင်စီစစ်စခန်းနဲ့ မြို့ကြီးအများအပြားကို သိမ်းပိုက်ရယူနိုင်ခဲ့ကာ သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်တွေကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
သတ်မှတ်ထားတဲ့ စစ်ဆင်ရေးနယ်မြေတွေနဲ့ ဆက်စပ်မြို့ကြီးတွေကို ထိန်းချုပ်ထားပြီး အဲ့ဒီမြို့ကြီးတွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လည်ပတ်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။