မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ တွင် စစ်ကောင်စီတပ်က ရွာ မီးလောင်မှု မီးငြှိမ်းသတ်ရန်လာတဲ့ ဒေသခံရွာသားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သုံးရက်အတွင်း ဒေသခံပြည်သူ သုံးဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရေလယ်ကျွန်းဒေသရှိ မိဖုရားနှင့် မဲကုန်းကျေးရွာတွင်မေ ၂၈ ရက်ညက ညအိပ်တပ်စွဲသွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မဲကုန်းရွာ ဒေသခံပြည်သူအမျိုးသားတစ်ဦးကို သတ်ဖြတ် ခဲ့ပြီးနောက် မေ ၂၉ ရက်မနက်မှာ ရုပ်အလောင်းကို တွေ့ရှိရတယ်လို့ ဒေသခံများက ပြောကြပါတယ်။
မေ ၂၉ ရက်မနက်မှာ စစ်ကောင်စီတပ်ဟာ မိုးဖြူ၊ မိုးကွဲ နဲ့ ချင်းယားကျေးရွာများကို ပစ်ခတ်ဝင်ရောက်နေပြီး ဝါးဘိုးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းရှိနေဆဲဖြစ်၍ မီးလောင်ပျက်စီးသည့် နေအိမ်အရေအတွက်အား မသိရသေးပါဘူး။
စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူများကို လိုက်လံပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေပြီး မြစ်ကမ်းနားရှိ ဒေသခံပြည်သူများ၏ စက်လှေများ၊ မော်တော်ယာဉ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း Yaylalkyun News က ရေးသားထားပါတယ်။
အဲဒီ ကျေးရွာတွေက ဒေသခံပြည်သူများနဲ့ အနီးဝန်းကျင် ရွာတွေက ပြည်သူ ၂၁,၀၀၀ ခန့်မှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
Era’sEye/Photo/(ရေလယ်ကျွန်းဒေသရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)