မြန်မာစစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကြီးထွားလာကာ စစ်အစိုးရအား အီရန်၏ပံ့ပိုးကူညီနေသည်ဟုသော ညွှန်ပြမှုများနှင့် စွပ်စွဲမှုများ ကြီးထွားလာခဲ့သည်။ မြန်မာနိုင်ငံသည် ပဋိပက္ခများနှင့် မတည်မငြိမ်မှုများဖြင့် ဆယ်စုနှစ်များစွာ ကြာအောင် နပမ်းလုံးနေခဲ့ရသည်။ မြန်မာနိုင်ငံသည် လူမျိုးစု အများအပြား နေထိုင်ရာနိုင်ငံဖြစ်ပြီး အများစုမှာ အစိုးရနှင့် တိုက်ခိုက်နေကြသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာ့တပ်မတော် (သို့မဟုတ်) တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖယ်ရှားလိုက်သောအခါ အခြေအနေမှာ ပိုမိုရှုပ်ထွေးလာခဲ့သည်။
အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နိုင်ငံအနှံ့ ဆန္ဒပြပွဲများကို ဖြိုခွင်းခဲ့ပြီးနောက် အရပ်သား ရာနှင့်ချီ သေဆုံးကာ ထောင်နှင့်ချီ၍ ထိန်းသိမ်းခံခဲ့ရသည်။ စစ်အစိုးရကို ခုခံမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ အပါအဝင် နိုင်ငံတကာသုတေသနအဖွဲ့များက မြန်မာစစ်တပ်သည် ဖြစ်နိုင်ချေရှိသော ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ရန် တရုတ်လုပ် မောင်းသူမဲ့ လေယာဉ်များကို တပ်ဖြန့်ချထားကြောင်း အသိပေးထောက်ပြထားသည်။
နိုင်ငံ၏ မြောက်ဘက်တွင် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးများကို ပံ့ပိုးကူညီရန် မြန်မာစစ်တပ်မှ တရုတ်ဒရုန်းများကို ၂၀၁၅ ခုနှစ်ကတည်းက အသုံးပြုခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မငြိမ်မသက်ဖြစ်မှုများတွင် အီရန်ထံမှ ဝယ်ယူခဲ့သည်ဟု အများယုံကြည်လက်ခံထားသည့် အင်ဂျင်များ အထူးသဖြင့် ၎င်းတို့၏အသုံးပြုမှုနှင့် ၎င်းတို့၏ အပိုပစ္စည်းများအတွက် ဝယ်လိုအား တိုးလာခဲ့သည်။ “အာဏာသိမ်းပြီး မကြာခင်မှာပဲ ဒရုန်းတချို့က ဟောင်းနွမ်းပြီးတိုက်စား ပွတ်တိုက်မှုများလာတဲ့ လက္ခဏာတွေ ပြနေတာကြောင့် အင်ဂျင်တွေအတွက်အပိုပစ္စည်းတွေကို အီရန်ထံက တောင်းခံခဲ့တာပါ… အားလုံးကိစ္စတွေအတွက် အီရန်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်” ဟု မြန်မာစစ်တပ်မှ ထွက်ပြေးလာသူ ဗိုလ်ကြီး ညီညီဝေက နိုင်ငံတကာသို့ ပြောကြားခဲ့သည်။
“ဆွေးနွေးပွဲများကို အသွားအပြန် အပြန်ပြန်အလှန်လှန် အချိန်အတော်ကြာ အများအပြား ပြုလုပ်ခဲ့ကြတယ်” ဟု ဆိုကာ အင်ဂျင်များ ပေးပို့လာသည်အထိ ခပ်ကြာကြာ စောင့်ခဲ့ရသည်ဟုဆိုသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်တပ်မှ မထွက်ခွာမီတွင် အီရန်အစိတ်အပိုင်းများကို မှာထားကြောင်း အတည်ပြုသည့် စာရွက်စာတမ်းများကို သူတွေ့ခဲ့ရသည်ဟု ဆိုသည်။ “ကျွန်တော်က အစည်းအဝေးမှာ ရှိနေခဲ့တယ်။ ဒါကြောင့် စာရွက်စာတမ်းတွေကို တွေ့ခဲ့တယ်” ဟု ၎င်းက ဆိုသည်။ “ ဒါက MD550 ဖြစ်ပါတယ်”။ MD550 သည် ဂျာမန်ကုမ္ပဏီ Limbach မှ ၁၉၈၀ ခုနှစ်များအတွင်း ဒီဇိုင်းထုတ်ထားသော ရှေ့ပြေးပုံစံမှ ပြောင်းပြန်အင်ဂျင်ဖြင့် ပြုလုပ်ထားသော ဒရုန်းအင်ဂျင် ဖြစ်သည်။
ဝါရှင်တန်ဒီစီအခြေစိုက် နျူကလီယားလက်နက်ထိန်းချုပ်ရေးဆိုင်ရာ ဝစ်ကွန်စင် ပရောဂျက်နှင့် အီရန် နျူကလီးယား လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အမေရိကန်စောင့်ကြည့်လေ့လာရေးအဖွဲ့ (UANI ) က ၎င်းဒရုန်းကို အီရန်ရှိ Oje Parvaz Mado Nafar ကုမ္ပဏီ သို့မဟုတ် MADO မှ ထုတ်လုပ်သည်ဟု ယုံကြည်ယူဆသည်။ “ဒါဟာ ခိုင်မာတဲ့ ထုတ်ဖော်ချက်ပါ။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေ အများကြီးရှိပါတယ်” ဟု UANI သုတေသန ဒါရိုက်တာ အယ်ဒီရယ်ရော့ (Daniel Roth) က အီရန်နိုင်ငံတကာသတင်းဌာနသို့ ပြောကြားခဲ့သည်။
“ မူရင်းအင်ဂျင်ကို Limbach (L550E) မှ ထုတ်လုပ်ထားပြီး MD550 ကို ‘တရုတ်မိတ္တူ’ ပုံစံအဖြစ် ဖော်ပြထားသောကြောင့် အနည်းငယ် ရှုပ်ထွေးမှုရှိနေပါသည်။ စုဆောင်းထားသော အထောက်အထားများအရ ၎င်းကို ယခုအခါ တရုတ်နှင့် အီရန် နှစ်နိုင်ငံစလုံးမှ ထုတ်လုပ်ထားနိုင်သည်။ သို့သော်လည်း အဓိကအားဖြင့် အီရန်နိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်နိုင်သည်ဟု အကြံပြုထားသည်။ MADO တည်ထောင်ပြီး တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်တွင် တီဟီရန်တွင် ပြသခဲ့သည့် MD550 အင်ဂျင်၏ ဓာတ်ပုံများကို UANI ၏ ဇန်နဝါရီလ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကတည်းက အမေရိကန်၏ဒဏ်ခတ်ပိတ်ဆို့မှုများကို ခံခဲ့ရသည်။ တပ်မတော်ဗိုလ်ကြီးဟောင်း ညီညီဝေ၏ ပြောကြားချက်အရ MD550 အင်ဂျင်များကို မြန်မာ့လေတပ်သို့ အစားထိုး အစိတ်အပိုင်းများအဖြစ် ထောက်ပံ့ပေးခဲ့ပြီး ပြုပြင်မှုများကို နိုင်ငံ၏ မြောက်ဘက် မန္တလေး ဧရိယာရှိ မိတ္ထီလာ လေတပ်စခန်း အလုပ်ရုံတွင် ပြုလုပ်ခဲ့သည်။
အီရန်နိုင်ငံမှ ပထမဆုံးအင်ဂျင်များ မြန်မာနိုင်ငံသို့ မည်သည့်အချိန်တွင် ရောက်ရှိခဲ့သည်ကို အတိအကျ မသိရသေးသော်လည်း ပြီးခဲ့သည့်နှစ် အစောပိုင်းက လေယဉ်ပျံသန်းမှုများကို လေ့လာစောင့်ကြည့်သည့် Flightradar24 ၏ သတင်းအချက်အလက်များအရ ဆီးရီးယားသို့ လက်နက်နှင့် တိုက်လေယာဉ်များ သယ်ဆောင်ခြင်းအတွက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသော Fars Air Qeshm မှ အီရန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မာ့ရှ်ဟက်ဒ် (Mashhad) မှ ရန်ကုန်သို့ ပျံသန်းခဲ့ကြောင်းသိရသည်၊။ ထိုအချိန်မှစ၍ စစ်အစိုးရဆန့်ကျင်ရေး အတိုက်အခံများစုစည်းရာ မြန်မာနိုင်ငံတွင် မောင်းသူမဲ့ လေယာဉ် လှုပ်ရှားမှုများ တိုးလာကြောင်း သတင်းပို့ခဲ့သည်။
“နောက်ဘယ်နေရာကို ပစ်မှတ်ထားရမလဲဆိုတာ လေ့လာဖို့အတွက် ထောက်လှမ်းရေးဒရုန်းတွေကို အသုံးပြုထားပါတယ်” ဟု ညီညီဝေကပြောသည်။ “ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းကို အာရုံစိုက် ထောက်လှမ်းမှုတွေ လုပ်တယ်။” အရှေ့တောင် အာရှအခြေစိုက် အစိုးရမဟုတ်သည့် လူမှုရေးအဖွဲ့အစည်း Fortify Rights မှ လူ့အခွင့်အရေး လှုပ်ရှားသူ နစ်ကီဒိုင်းမွန်း (Nicky Diamond) ကိုယ်တိုင် ၂၀၂၁ ခုနှစ် မတ်လနှင့် ဇွန်လအတွင်း ကရင်ပြည်နယ် အရှေ့ဘက် တောင်တန်းဒေသများတွင် ထောက်လှမ်းရေးဒရုန်းများ ပျံသန်းခြင်းကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့ရသည်။
“တရုတ်ရဲ့ လက်နက်တွေနဲ့ အီရန်ရဲ့ ထောက်ပံ့မှုတွေက မြေပြင်ပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိနှိပ်ရာမှာ အဓိကကျပါတယ်” ဟု နစ်ကီဒိုင်းမွန်းက ဆိုသည်။ “အီရန်ဟာ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေအောက်မှာ ရှိနေပြီး ဒရုန်းတွေ ထောက်ပံ့နိုင်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒါဟာ ပဋိပက္ခဇုန်တွေဆီ လက်နက်တွေ စီးဆင်းမှုကို တားဆီးဖို့ ပိုလုပ်ရမယ်ဆိုတဲ့ သတိပေးချက်ပဲ။ အီရန်ကနေ မြန်မာနိုင်ငံကို မောင်းသူမဲ့ လေယာဉ်ထောက်ပံ့ပေးနေတဲ့ကိစ္စဟာ ပြည်သူတွေရဲ့ အန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံမှုကို ချိမ်းခြောက်နေတာဖြစ်လို့ ဒီလိုမပို့နိုင်အောင် သေချာစေဖို့အတွက် အလေးထားဆောင်ရွက်ရမယ့် ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ အခြေအနေသည် ရှုပ်ထွေးနေပြီး မြန်မာစစ်အစိုးရကို အီရန်အစိုးရ၏ ထောက်ခံမှုသည် ပိုမိုရှုပ်ထွေးစေမည့် ပြသနာများစွာထဲမှ တစ်ခုသာဖြစ်ပြီး မငြိမ်မသက်ဖြစ်နေသော အခြေအနေများကို ပိုမိုအန္တရာယ်ဖြစ်စေမည့် အလားအလာကို ဖြစ်စေသည်။ ပြည်ပရောက် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရသည် အီရန်နိုင်ငံနှင့် မြန်မာစစ်ကောင်စီ၏ ဆက်ဆံရေးအပေါ် စိုးရိမ်ပူပန်မှုများ တိုးမြင့်ရှိနေခဲ့ပြီး အီရန်၏ ထောက်ပံ့ကူညီမှုက နိုင်ငံကို မတည်မငြိမ်ဖြစ်စေပြီး အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်ဖွယ်ရှိသည်။
“အာဏာသိမ်းပြီးကတည်းက အီရန်နဲ့ မြန်မာစစ်အစိုးရကြား စစ်ရေးအရ ဆက်ဆံရေးကို ကျွန်တော်တို့ သိပါတယ်” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ထူးအောင်က အီရန်နိုင်ငံတကာသတင်းဌာနသို့ ပြောကြားခဲ့သည်။ “မြန်မာစစ်တပ်က သူ့နိုင်ငံသားတွေကို အကြမ်းဖက်တဲ့ စစ်ဆင်ရေးကို အီရန်လို နိုင်ငံမျိုးက ကူညီနေတာဖြစ်ပြီး အီရန်စစ်တပ် ဒါမှမဟုတ် အစိုးရကို ကြံရာပါဖြစ်စေရုံသာမက ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကိုပါ ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။”
မြန်မာနိုင်ငံမှာ အခြေအနေတွေ ဆက်လက်ဆိုးရွားနေတာကြောင့် နိုင်ငံတကာအသိုက်အဝန်းက စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်နေရပါသည်။ သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့များနှင့် ပြည်ပရောက်အစိုးရများ၏ တောင်းဆိုမှုများရှိနေသော်လည်း လက်ရှိအချိန်အထိ ကုလသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် စည်းနှောင်ထားသော လက်နက်ရောင်းချမှု တားမြစ်ခြင်း မရှိသေးပေ။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာက မတ်လ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အကျဉ်းချုံး ပြောကြားခဲ့ပြီး “အကြမ်းဖက်မှုများမှာ စိုးရိမ်ဖွယ်ရာ အတိုင်းအတာဖြင့် ဆက်လက်ဖြစ်ပွားနေပြီး” တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ ယခင်က ပဋိပက္ခကြောင့် ထိခိုက်မှုမရှိသော ဒေသများသို့ ပျံ့နှံ့သွားခဲ့ကြောင်း၊ အရပ်သားများ အသက်အန္တရာယ်နှင့် ကြုံတွေ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုရှုပ်ထွေးစေပါတယ်”ဟု ဆိုသည်။
နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်၏ လူ ၁၇.၆ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပြီး ၁.၆ သန်းကျော်သည် ပြည်တွင်းရှိ နေရပ်ရွှေ့ပြောင်းနေရသည့်ဒုက္ခသည်များ ဖြစ်နေခဲ့သည်ဟု ဟေဇာမှ ပြောကြားခဲ့သည်။
“မြန်မာစစ်အစိုးရကို လက်နက်မရောင်းချတာဟာ အပြစ်မဲ့နိုင်ငံသားတွေကို သတ်ဖြတ်နေတာကို ဟန့်တားဖို့ အကောင်းဆုံးပါပဲ” “လက်နက်ရောင်းချမှုပိတ်ပင်မှု မဖြစ်နိုင်ဘူးဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းက သူတို့ရဲ့ အသက်ကို ကာကွယ်ဖို့ တော်လှန်ရေးဘက်ခြမ်းကို ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးဖို့ကြိုးစားသင့်တယ်။” ဟု နိုင်ထူးအောင်က ပြောသည်။
ROBERT BOCIAGA, အီရန်နိုင်ငံတကာသတင်းဌာန ရေးသားသည့် Iranian Drone Engines In Myanmar: New Threat To The Region? ကို ခေတ်မျက်လုံးက ဘာသာပြန်သည်။