ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရဲ့မြို့နယ် မြေပြင်တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက သေဒဏ်အမိန့်ထပ်တိုးချလိုက်တယ်လို့သိရပါတယ်။
ကိုကောင်းဆက်ပိုင်ကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ပြီးခဲ့တဲ့ အင်္ဂါနေ့ ဧပြီ၂၅ ရက်မှာ သေဒဏ် ထပ်တိုးချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်က l အသိပေးထုတ်ပြန်ပါတယ်။
အသက် ၂၀ အရွယ် ကိုကောင်းဆက်ပိုင်ကို အကြမ်းဖက် ပုဒ်မ ၄၉(က)၊ ၅၀(ဈ) တို့နဲ့ သေဒဏ် အမိန့်ချတာလို့စုံစမ်းသိရပါတယ်။
အဲဒီပုဒ်မတွေဟာ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို စစ်ကောင်စီ က သေဒဏ်ချရာမှာ အသုံးပြုခဲ့တဲ့ ပုဒ်မတွေဖြစ်တာတွေ့ရပါတယ်။
ကိုကောင်းဆက်ပိုင် အပေါ် သေဒဏ်အမိန့်ထပ်တိုးချတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားသဖြင့် တဖက်သတ်စီရင်ချက်တွေသာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုထားပါတယ်။
ကိုကောင်းဆက်ပိုင်ဟာ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၁ရက်မှာ မြောက်ဥက္ကလာပ မြို့နယ်ထဲမှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။
Era’sEyes/ဓာတ်ပုံ − ABFSU