နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

1027 Operations

1027 Operations ဘာသာပြန်ဆောင်းပါး

၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာပြည်အတွက် အလှည့်အပြောင်းလား

တနိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစစ်အစိုးရကို ထိုးစစ်ဆင်နေခြင်း၏ “အစသည် စစ်တပ်အုပ်စိုးမှုကို အဆုံးသတ် ဖြစ်စေရမည်” ဟု တော်လှန်ရေးအင်အားစုများက ကတိပြုကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်နီးပါးရှိလာချိန်တွင် အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာစစ်အစိုးရသည် ၎င်း၏အာဏာနေရာအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး နိုင်ငံအနှံ့ မျက်နှာစာများစွာဖြင့် တိုက်ပွဲများကို ရင်ဆိုင်နေရသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း အင်အားကြီးမားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မကြုံစဖူးသော ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ကြီးမားသော ထိုးစစ်အသစ်များကို ဆင်နွဲခဲ့ပြီး ဗျူဟာမြောက် နယ်စပ်မြို့များ၊ စစ်ဘက်ဆိုင်ရာနေရာများနှင့် အရေးကြီးသော ကုန်သွယ်မှုလမ်းကြောင်းများ တိုက်ခိုက်သိမ်းယူခဲ့သည့်အတွက် စစ်တပ်၏စစ်ရေးတွင် မစွမ်းဆောင်နိုင်မှုကို ပေါ်လွင်စေခဲ့သည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

ပညာရှင်များ၏အဆိုအရ ဆယ်စုနှစ်များအတွင်း “အခုအချိန်မှာ စစ်အစိုးရတပ်စခန်းတွေက လျင်လျင်မြန်မြန် ပြိုကျနေပြီး ဒီလိုဖြစ်လာတာကလည်း နိုင်ငံတဝှမ်းမှာ ဒီလိုပိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်” ဟု လွတ်လပ်သော မြန်မာ့အရေး လေ့လာသုံးသပ်သူ Matthew Arnold က ပြောသည်။ ၎င်းဖြစ်ပျက်လာမှုအား “စစ်တပ်၏ ဖြစ်တည်နေမှု အခိုက်အတန့်” ဟု သူက ခေါ်ဆိုကာ တော်လှန်ရေးအဖွဲ့များက ယခုအခါ စစ်အာဏာရှင်တို့ကို အခြေခံကျကျ အနိုင်ယူရန် အဓိကမြို့ကြီးများကို သိမ်းပိုက်ရန် အာရုံစိုက်နေကြောင်း အာနိုးက ပြောကြားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသည့် တန်ပြန်တိုက်ခိုက်မှုကို ပြီးခဲ့သည့်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် သြဇာကြီးမားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ကြား မဟာမိတ်ဖွဲ့ကာ စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏အရှိန်အဟုန်သည် နိုင်ငံတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားပြီး မြောက်၊ အနောက်နှင့် အရှေ့တောင်ဘက်ရှိ မြို့များနှင့် ဒေသများကို သိမ်းပိုက်ရန် ၎င်း၏ ထိုးစစ်ကို ပြင်းထန်လာစေသည်။

ကုလသမဂ္ဂ၏အဆိုအရ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက အရပ်သား ၂၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၃၅,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အစိုးရ အဆက်ဆက်တို့အကြား ပြည်တွင်းစစ်သည် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြောင့် စစ်ပွဲအခြေအနေသည် မကြာသေးမီက မြင့်တက်လာခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်းမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို ဖျက်သိမ်းခဲ့သည်။

အာဏာသိမ်းပြီးသည့်တိုင် စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဆက်လက် ဖြိုခွင်းခဲ့ပြီး အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှု ပြုလုပ်သည့် မြောက်များစွာသော သတင်းများ ထွက်ပေါ်ခဲ့သည်။ ယင်းကြောင့် မြန်မာ့ကျေးလက်နှင့် မြို့ပြရှိ ပြည်သူများသည် ၎င်းတို့၏ မြို့များနှင့် ရပ်ရွာများကို ခုခံကာကွယ်ရန် လက်နက်များကိုင်ဆောင်ခဲ့ကြသည်။

ထိုအချိန်မှစ၍ စစ်အစိုးရကို ဆန့်ကျင်သော ပြည်ပရောက် အတိုက်အခံများနှင့် ဖွဲ့စည်းထားသည့် NUG ကို ထောက်ခံသော တော်လှန်ရေးအင်အားစုများနှင့်အစိုးရတပ်များအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ စစ်အစိုးရသည် သူတို့သတ်မှတ်သည့် အကြမ်းဖက် စခန်းများကို လေကြောင်း တိုက်ခိုက်မှုများနှင့် မြေပြင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့အထိ အရပ်သားများ အပါအဝင် ထောင်နှင့်ချီသော အရပ်သားများ သေဆုံးခဲ့သည်။ လူပေါင်း ၂ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

စစ်မြေပြင်မှာ တိုက်ပွဲဝင်သူများက စစ်တပ်က အစိုးရ ဖြုတ်ချတဲ့အထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားသည်ဟု ပြောသည်။ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း ရပိုင်ခွင့်များ ခံစားပြီး ၎င်းတို့၏ အသံများကို ကြားနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရန် ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်မှုများ၊ အကြောက်တရားများနှင့် နှစ် ၅၀ ကျော်ကြာ အုပ်ချုပ်ခဲ့သည့်စစ်တပ်ကဲ့သို့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် အင်စတီကျူးရှင်းကို လမ်းကြောင်းပြောင်းသည်မှာ ရိုးရှင်းမှာ မဟုတ်သကဲ့သို့ စစ်တပ်သည် နောက်တန်းပြန်နေဖို့ ငြင်းဆန်ခြင်းက မြန်မာနိုင်ငံကို ပဋိပက္ခတွင်း နက်နက်နဲနဲ ဆွဲငင်ယူသွားစေနိုင်ပါသည်။

သို့ရာတွင် အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း နောက်ဆုံး ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကဲ့သို့ မြို့ကြီးများဆီကို မပျံ့နှံ့သေးသော်လည်း တော်လှန်ရေး၏ အချိုးအကွေ့တစ်ခု ဖြစ်လာပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂရုံး (OCHA) က လက်နက်ကိုင်တိုက်ပွဲများသည် ယခုအချိန်တွင် အာဏာသိမ်းပြီးနောက်ပိုင်း အကြီးကျယ်ဆုံးနှင့် အကျယ်ပြန့်ဆုံးသော လက်နက်ကိုင်တိုက်ပွဲများ ဖြစ်သည်ဟု ဆိုသည်။

“ဒါဟာ နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီရဲ့ နိဂုံးချုပ်ခြင်းရဲ့ အစပဲ၊ ကျနော်တို့ မြင်နေရပါပြီ” ဟု မြန်မာ့အလယ်ပိုင်းဒေသများတွင် တပ်မတော်ကို တိုက်ခိုက်နေသည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ တပ်မှူး ဗိုလ်နဂါးက CNN သို့ ပြောသည်။

အလှည့်အပြောင်း
အောက်တိုဘာလအတွင်း ထိုးစစ်ဆင်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် မဟာမိတ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ပါဝင်သော ညီနောင်မဟာမိတ်သုံးဖွဲ့က ဖိနှိပ်အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် ရည်မှန်းထားကြောင်း၊။” ၎င်းတို့၏ ရည်ရွယ်ချက်များမှာ “ အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ ကျွန်ုပ်တို့၏ ခုခံကာကွယ်ပိုင်ခွင့်၊ ကျွန်ုပ်တို့၏ နယ်မြေကို ပြန်လည်ထိန်းချုပ်ရန်နှင့် ဆက်လက်ဖြစ်ပွားနေသော အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများကို ပြတ်ပြတ်သားသား တုံ့ပြန်ရန်ဖြစ်သည်” ဟု ကြေညာခဲ့သည်။ မဟာမိတ်အဖွဲ့သည် မြန်မာနိုင်ငံ အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ် တစ်လျှောက်တွင် ပျံ့နှံ့နေသော အွန်လိုင်းလောင်းကစား လိမ်လည်မှုအားလည်း တိုက်ဖျက်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

တရုတ်နှင့် ထိုင်းနယ်စပ်တလျှောက်ရှိ မြို့အများအပြားတွင် မကြာသေးမီနှစ်များအတွင်း တရုတ်လူမျိုးများ ဦးစီးလုပ်ဆောင်နေသည့် ခြံဝင်းများ အများအပြား ပေါ်ပေါက်လာခဲ့သည်။ ထိုနေရာများတွင် စစ်အစိုးရ ပြည်သူ့စစ်များက တာဝန်ခံလုပ်ပေးသော အစုလိုက်အပြုံလိုက် အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင် လောင်းကစားမှုများ၏ ဗဟိုချက်အဖြစ် စွပ်စွဲခံရပြီး အွန်လိုင်းလိမ်လည်သူများအဖြစ် အလုပ်လုပ်ရန် ထောင်ပေါင်းများစွာသော လူများကို ပိတ်လှောင်ထားသည့် လူကုန်ကူးမှု ဖြစ်လာခဲ့သည်။ တော်လှန်ရေးတပ်များနှင့် လေ့လာသုံးသပ်သူများကို CNN အဖွဲ့ဝင်များက မေးမြန်းကြည့်သည့်အခါ စစ်အစိုးရသည် မည်သည့်အခါမှ တိုင်းပြည်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ရှေ့တန်းစစ်မျက်နှာသည် ဘက်စုံမှ ကျယ်ပြန့်လာနေပြီး စစ်တပ်၏စွမ်းဆောင်ရည်ကို ကျဆင်းလာစေသောကြောင့် ယခုအခါ အထူးသဖြင့် အရှေ့မြောက်ဘက်တွင် ခံစစ်အနေအထားသို့ တွန်းပို့ခံနေရသည်ဟု ဆိုသည်။

နိုဝင်ဘာလဆန်းပိုင်းက ပြုလုပ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံမှုတွင် စစ်အစိုးရက တင်ထားသော သမ္မတ ဦးမြင့်ဆွေက “အစိုးရအနေနဲ့ နယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ရင် တိုင်းပြည် အရပ်ရပ် ကွဲသွားမှာ ဖြစ်ပါတယ် ” ဟုဆိုခဲ့သည်။ လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူထံ CNN က ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။ ပြင်းထန်သော တိုက်ပွဲထိတွေ့မှုများ ရှိနေကြောင်း စစ်အစိုးရက အသိအမှတ်ပြု ဝန်ခံထားပြီး အရေးပေါ်အခြေအနေတွင် တာဝန်ထမ်းဆောင်ရန် မြို့တော်ရှိ အစိုးရဝန်ထမ်းများနှင့် စစ်ဘက်အတွေ့အကြုံရှိသူ အားလုံးကို ပါဝင်အမှုထမ်းရန် အမိန့်ပေးထားကြောင်း ရိုက်တာသတင်းအရ သိရသည်။ အရှေ့မြောက်မြို့ အများအပြားတွင်လည်း စစ်အုပ်ချုပ်ရေး ပြဌာန်းထားသည်။

မကြာသေးမီက ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးကောင်စီလုံခြုံရေးအစည်းအဝေးတွင် စစ်အစိုးရမှ ” ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သော လုံခြုံရေး အစီအမံများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မီဒီယာများတွင် ဖော်ပြနေသည့် ထိုးစစ်ဆင်မှုများမှ ကာကွယ်ရန်အတွက် မြို့တော်နေပြည်တော်တွင် တပ်ဖွဲ့ဝင် ၁၄,၀၀၀ ခန့် တပ်စွဲထားကြောင်း စစ်အစိုးရက ငြင်းဆိုထားပြီး စစ်သင်တန်းတက်ရန် ပြည်သူ့ဝန်ထမ်းများကို စုဆောင်းထားခြင်း မရှိကြောင်းလည်း ငြင်းဆိုခဲ့ပြီး ထိုသတင်းများသည် သတင်းအတုနှင့် သတင်းမှားများဟု ပြောဆိုခဲ့သည်။

တပ်ဖွဲ့ဝင်များ လက်နက်ချခြင်းနှင့် အဓိကနယ်စပ်မှတ်တိုင်များ ဆုံးရှုံးခြင်းဆိုင်ရာ အချက်အလက်
ရှမ်းပြည်နယ်မြောက်ပိုင်း တောင်တန်းဒေသများတွင် တရုတ်နှင့် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးအတွက် ဗျူဟာမြောက် နယ်စပ်မြို့နှစ်မြို့ဖြစ်သည့် ချင်းရွှေဟော်နှင့် ကွမ်းလုံအပါအဝင် အနည်းဆုံး မြို့ခြောက်မြို့ကို မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပြီး အဓိကလမ်းမကြီးများ၊ စစ်စခန်းများနှင့် စခန်းပေါင်း ၁၀၀ ကျော်ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ခုခံတိုက်ခိုက်ရေးသမားများက CNN နှင့် ပြည်တွင်းအမှီအခိုကင်းသော မီဒီယာများသို့ ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ဖြတ်တောက်လိုက်ခြင်းသည် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူထားသော ငွေသားပိတ်နေသော စစ်အစိုးရအတွက် အရေးကြီးသော ဝင်ငွေရင်းမြစ်ကို ဖြတ်တောက်ပစ်လိုက်ခြင်းလည်းဖြစ်သည်။ မဟာမိတ်အဖွဲ့သည် ချင်းရွှေဟော်နှင့် မူဆယ်မြို့သို့ သွားသည့်လမ်းများကို ထိန်းချုပ်ထားပြီး တရုတ်နှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအားလုံး၏ ၉၈ ရာခိုင်နှုန်းရှိပြီး ယခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖိုးရှိကြောင်း မြန်မာကိန်းဂဏန်းများအရ သိရသည်။

ရခိုင်ပြည်နယ် အနောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရက္ခိုင့်တပ်မတော် (AA) သည် တစ်နှစ်ကြာ ယာယီ အပစ်အခတ် ရပ်စဲရေး ပျက်သွားပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာကာ စစ်မျက်နှာစာသစ် ဖွင့်လှစ်ခဲ့သည်။ စစ်အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ပေါက်တောမြို့သည် စစ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားကြောင်း ဒေသခံကျေးရွာ ဆရာတော် ဦးနန္ဒိယက ပြောသည်။

တပ်မတော်ဘက်ပြောင်းလာပြီး တပ်ရင်းတစ်ခုလုံး လက်နက်ချသည့် သတင်းများလည်း ရှိသည်။ ကရင်နီ (ကယားပြည်နယ်) အရှေ့တောင်ဘက် တောတောင်များတွင်လည်း ပြည်နယ်မြို့တော် လွိုင်ကော်အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေပါသည်။ ကရင်နီတိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့မှ ရိုက်ကူးပြီး ထုတ်ဝေသည့် ဗီဒီယိုတွင် မြန်မာစစ်တပ်မှ စစ်သားများက လွိုင်ကော်တက္ကသိုလ်တွင် လက်နက်ချကာ ဒဏ်ရာများကို ကုသပေးနေသည့်ပုံကို KNDF က ပြသခဲ့သည်။ CNN သည် ဤအဖြစ်အပျက်များကို သီးခြားအတည်ပြု၍မရပါ။

ချင်းပြည်နယ် အနောက်ဘက် တောင်ကုန်းများတွင် တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် အိန္ဒိယနယ်စပ် မီဇိုရမ်သို့ ဖြတ်ကျော်ထွက်ပြေးခဲ့ကြသည်။ ၎င်းတို့အနက် မြန်မာစစ်တပ်စခန်းများကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားသော မြန်မာစစ်သား ၄၃ ဦး ပါဝင်ခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ Lalmalsawma Hnamte ၏ ပြောကြားချက်အရ သိရသည်။ ဒါဇင်ပေါင်းများစွာကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့သည်ဟု ရိုက်တာသတင်းမှာ ဖော်ပြထားပါသည်။ ခုခံတိုက်ခိုက်ရေးသမားများက CNN နှင့် တွေ့ဆုံစကားပြောဆိုရာတွင် ၎င်းတို့ကြုံတွေ့နေရသော စစ်အစိုးရတပ်သားများသည် တိုက်ပွဲဝင်လိုစိတ် ပျောက်ဆုံးနေကြောင်း ပြောခဲ့သည်။ “အရပ်သားတွေရဲ့ ထောက်ခံအားပေးမှုမရှိတာကြောင့် မြေပြင်မှာ စစ်သည်တွေဟာ တိုက်ပွဲတိုက်ဖို့ စိတ်ဓာတ် ရေးရာ အားနည်းနေတယ်” ဟု မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ညီအကို မဟာမိတ် ၃ ဖွဲ့နှင့် အရှေ့တောင်ဘက်တွင် တိုက်ပွဲများ အတူလက်တွဲတိုက်နေသည့် မြန်မာ့လွတ်လပ်ရေးတပ်မတော် (BPLA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးလင်းလင်းက ပြောသည်။

“မြို့တွေကို ဝိုင်းရံထားတဲ့ တိုက်ပွဲတွေကို ကြည့်ရင် သူတို့မှာ လုံလောက်တဲ့ လက်နက်မရှိလို့ မဟုတ်ဘူး၊ အရင်ကနဲ့ မတူဘဲ တိုက်ပွဲဝင်ချင်စိတ် ကင်းမဲ့နေတယ်။ သူတို့မှာ တိုက်ချင်တဲ့ဆန္ဒ ကင်းမဲ့လို့ ကျနော်တို့က ပိုမိုအနိုင်ရလာတာ ဖြစ်တယ်။” အချို့မြို့များသည် နှိုင်းရသက်သာစွာဖြင့် ပြိုလဲသွားပုံရသော်လည်း အချို့နေရာတွင်မူ စစ်တပ်က ၎င်းတို့၏တပ်များကို ပြန်လည်ဖြည့်တင်းရန် ပိုမိုလွယ်ကူသည့် ဗဟိုခံစစ်စခန်းများတွင် တိုက်ပွဲများ ပြင်းထန်လာသည်ဟု ဆိုကြသည်။ “တပ်မတော်စစ်ကြောင်းက ရွာတစ်ရွာကို ဦးတည် သွားတဲ့အခါ ထိုးစစ်နည်းဗျူဟာသုံးပြီး ပစ်မှတ်ထားတဲ့ရွာကို မရောက်အောင် နှောင့်ယှက်ဖို့ ကြိုးစားရတယ်။ တချို့အချိန်တွေမှာ သူတို့ကအင်အား များတယ်၊အဲဒီအခါ ပြန်ဆုတ်ရတယ်၊ အဲဒီအခါ သူတို့က အရပ်သားတွေကို တိုက်ခိုက် ဖျက်ဆီးသွားတဲ့အခါလည်း ရှိတယ်” ဟု စစ်ကိုင်းတိုင်းမှ BNRA တပ်မှူး ဗိုလ်နဂါးက ပြောသည်။

စစ်တပ်တွင်လူအင်အားနည်းပါးလာခြင်း
မြန်မာစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကို မှီခိုနေရသော်လည်း ပြန်လည်သိမ်းပိုက်ရန် လိုအပ်သည့် လုံလောက်သော လူအင်အားနှင့် တိုက်ပွဲစွမ်းရည်များကို မပိုင်ဆိုင်တော့ကြောင်း စစ်တပ်၏ ဆက်လက်၍ ဆုံးရှုံးနေမှုများကို ထောက်ပြရင်း လေ့လာသုံးသပ်သူများက ပြောကြသည်။ “လက်ရှိစစ်ရေးတိုးတက်မှုရဲ့အဆုံးစွန်ရလာဒ်ကိုခန့်မှန်းရတာမလွယ်ပါဘူး၊ ခုခံရေးဗျူဟာရဲ့ ကနဦးအဆင့်မှာ ရှိနေသေးတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ရေးမျှခြေကို တော်လှန်ရေး အင်အားစုတွေ ဆီကို မျက်နှာသာပေးလိုက်တဲ့ အပြောင်းအလဲကိုတော့ ဖြစ်စေခဲ့ပါတယ်” ဟု United States Institute of Peace and the Wilson Center မှ တွဲဖက်အတွင်းရေးမှူးရဲမျိုးဟိန်းက ပြောသည်။

စစ်တပ်သည် လက်ရှိတွင် နိုင်ငံတစ်ဝှမ်းတွင် မဆုတ်မနစ် ၃၆၀ ဒီဂရီ ပတ်ပတ်လည်မှ တိုက်ခိုက်မှုများကို ခံနေရသည်ဟု ၎င်းက ဆိုသည်။ မေလက ဦးရဲမျိုးဟိန်း၏ သုံးသပ်ချက်အရ စစ်တပ်သည် အများအားဖြင့် ထင်ထားသည်ထက် များစွာသေးငယ်ပြီး စစ်သည်အင်အား ၁၅၀,၀၀၀ နှင့် တိုက်ခိုက်ရေးတပ်သား ၇၀,၀၀၀ ခန့်ရှိကြောင်း တင်ပြထားသည်– “တိုက်ပွဲဝင်အင်အားအဖြစ် ခက်ခက်ခဲခဲ ရပ်တည်နေရပြီး အစိုးရတရပ်မှာ ရှိရမဲ့အင်အားထက် အများကြီးနည်းတယ် ”ဟု ဆိုသည်။

“ထူးခြားတာက ရှမ်းပြည်မြောက်ပိုင်းက ပဋိပက္ခတွေ ယာယီခေတ္တခဏရပ်ထားမှု အတွင်းမှာ အဲဒီဒေသကနေ ကရင်နီနဲ့ စစ်ကိုင်းအထိ စစ်တပ်တွေကို ပြန်လည်နေရာချထားလိုက်ခြင်းက ရှမ်းပြည်မြောက်ပိုင်းက အဖွဲ့တွေကို သိသာထင်ရှားတဲ့ စစ်ရေးအရ မြန်မြန်ဆန်ဆန် အောင်မြင်မှုကို ရရှိစေခဲ့ပါတယ်။ နောက်ထပ်တပ်တွေ လှုပ်ရှားမှုက အဲဒီဒေသတွေမှာ ခုခံရေးအင်အားစုတွေအတွက် သိသိသာသာ တိုးတက်မှုတွေ ရှိလာဖို့ အခွင့်အလမ်းတွေ ပေါ်လာမှာပါ” ဟု ရဲမျိုးဟိန်းက CNN သို့ ပြောသည်။

စစ်အာဏာရှင်တွေက စစ်မြေပြင်မှာ ဆုံးရှုံးနစ်နာမှုတွေအတွက် ပြည်သူများကို တိုက်ခိုက်မှု ရှိလာမည်ကို စိုးရိမ်မှုတွေ မြင့်တက်လာနေသည်။ အရပ်သားများအပေါ် အကြမ်းဖက်မှုသည် မြန်မာစစ်တပ်၏ ကာလကြာရှည် အသုံးပြုခဲ့သည့် ဗျူဟာဖြစ်ပြီး စစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မကြာခဏကျူးလွန်ကာ ရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း မီးရှို့ခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ကြောင်း အထောက်အထားများ တိုးပွားလာနေပါသည်။

အောက်တိုဘာလ ထိုးစစ်စတင်ချိန်မှစ၍ စောင့်ကြည့်ရေးအဖွဲ့များသည် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် မြန်မာရွာအများအပြားကို ထိမှန်ကြောင်း မှတ်တမ်းပြုခဲ့သည်။ နိုဝင်ဘာ ၁၅ ရက်က ချင်းပြည်နယ် မတူပီမြို့က ရွာတစ်ရွာကို တပ်မတော်က လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၈ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရက ပြောပါသည်။

ကမ္ဘာ့ဟဲဗီးဝိတ်တန်းများဖြစ်သော တရုတ်နှင့် အိန္ဒိယအကြား၊ အရှေ့ဖက်တွင်ထိုင်း၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူ တွယ်ကပ်နေကာ မြန်မာနိုင်ငံတွင်း တိုက်ပွဲများသည် ဒေသတွင်း အိမ်နီးချင်းများနှင့် ဆက်ဆံရေးကို အနှောင့်အယှက် ဖြစ်စေရန် ခြိမ်းခြောက်လျက်ရှိသည်။ နယ်နိမိတ်များကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ အိမ်နီးချင်းနိုင်ငံများသို့ ပြန့်ကျဲနေသော ဒုက္ခသည် လှိုင်းလုံးကြီးများဖြင့် ထွက်ပြေးနေခြင်းကြောင့် နိုင်ငံအတွက် တည်ငြိမ်အေးချမ်းမှုကို စစ်အစိုးရက ဆောင်ကျဉ်းပေးနိုင်မှု မရှိခြင်းသည် ၎င်း၏တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်မျာနှင့် ရင်းနှီးမြှုပ်နှံမှု အဓိကအရင်းအမြစ်ဖြစ်သည့် တရုတ်နိုင်ငံကို ဒေါသထွက်စေပါသည်။

မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် တရုတ်စစ်တပ်သည် မြန်မာနိုင်ငံနှင့် နယ်စပ် တရုတ်ဘက်ခြမ်းတွင် တိုက်ရိုက် ပစ်ခတ်မှု လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာ Global Times က ဖော်ပြသည်။ “ နိုင်ငံတော်အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတို့ကို ကာကွယ်ရာတွင် အမျိုးမျိုးသော အရေးပေါ်အခြေအနေများကို တုံ့ပြန်ရန် အမြဲတမ်း အသင့်ဖြစ်နေတယ်” ဟု PLA Southern Theatre Command ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Tian Junli က Global Times သို့ ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နှစ်စဉ်လေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှုများမှ ဝန်ထမ်းများ၏ လုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် မဟုတ်ကြောင်း ဖော်ပြထားသည်၊။” Arnold ၏ အဆိုအရ မြန်မာ၏ အိမ်နီးချင်းများသည် ယခုအခါ စစ်အစိုးရအတွက် “ကြမ်းတမ်းသော လက်တွေ့ကြုံတွေ့ရချက်” ဖြစ်သည့် မြန်မာနိုင်ငံသို့ စီးပွားရေးအရ ရင်းနှီးမြုပ်နှံမည့်ဝင်ရောက်မှု ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ “အိမ်နီးချင်းနိုင်ငံတွေအားလုံးက စစ်အစိုးရနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားရာမှာ သိသိသာသာ ရင်းနှီးမြုပ်နှံထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် ဆုံးရှုံးသွားတာနဲ့ တပြိုင်နက် ပထဝီဝင်နိုင်ငံရေး တွက်ချက်မှု တစ်ခုလုံးကို ပြောင်းလဲသွားစေပါတယ်။ ဒါဟာ တရုတ်အတွက် မှန်ကန်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် အိန္ဒိယနဲ့ ထိုင်းတို့အတွက်လည်း မှန်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၁ ခုနှစ်မတိုင်မီက မြန်မာစစ်တပ်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် အကြောက်တရားများဖြင့် ရာစုဝက်ကျော် အုပ်ချုပ်ခဲ့ပြီး မြန်မာနိုင်ငံကို ဆင်းရဲတွင်းနက်သော အပယ်ခံနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံ၏ တောတောင်များနှင့် တောင်တန်းများတွင် ပဋိပက္ခများ တောက်လျှောက် ဖြစ်ပျက်နေခဲ့ပြီး၊ တိုင်းရင်းသားလူမျိုးများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုခံရမှု၊ မုဒိမ်းမှုနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ရွှေ့ပြောင်းနေထိုင်မှုများအပြင် နိုင်ငံတော်မှ ချမှတ်ထားသော ခွဲခြားဆက်ဆံမှုများ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

ဗုံးဆံထိမှန်၍ဝေဒနာမခံစားနိုင်သောသားငယ်က သူ့အမေကို ‘အမေရေ ကျနော့်ကို သတ်ပေးပါ မခံစားနိုင်တော့လို့ပါ’ ဆိုသည့် စကားသံကို ကမ္ဘာတစ်ဝှမ်းက မြန်မာလူမျိုးများကို ထိတ်လန့်စေခဲ့သည်။ အာဏာသိမ်းမှုသည် ကြီးမြတ်သော ဒီမိုကရေစီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖြစ်စေခဲ့သည့် အသွင်ကူးပြောင်းရေး ၁၀ နှစ်တာကာလကို ရုတ်တရက် အဆုံးသတ်ခဲ့သည်။

သို့သော် တပ်မတော်သည် လွန်ကဲသော သြဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး တိုင်းရင်းသားလူမျိုးများအပေါ် ကာလကြာရှည်စွာ ဖိစီးထားသော အလွဲသုံးစားမှုများနှင့် အကြမ်းဖက်မှုများသည် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရလက်ထက်တွင် ဆက်လက်တည်ရှိနေခဲ့သည်။ မြန်မာနိုင်ငံသည် ယခုစစ်အစိုးရကို အနိုင်ယူရန် ပန်းတိုင်ရောက်ရန် ယခင်ကထက် ပိုမိုနီးစပ်နေပြီဟု လေ့လာသုံးသပ်သူအချို့က ပြောသည်။

“ရှင်းရှင်းလင်းလင်း သိထားရမယ့် အရေးကြီးတာက လူမျိုးတုံး သတ်ဖြတ်တဲ့ စစ်တပ်ကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်ရမယ်။ အသွင်ကူးပြောင်းရေးကာလမှာ နောက်ထပ် ၁၀ နှစ်ကြာအောင် ညှိနှိုင်းရမယ်ဆိုတဲ့ အယူအဆက လိုက်လျောညီထွေဖြစ်မှာ မဟုတ်ဘူး။ လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်တပ်ပါ” ဟု အာနိုးက ပြောသည်။

တိုက်ပွဲဝင်သူတွေကြားမှာ သတိကြီးစွာနဲ့ အကောင်းမြင်မှုတွေ ရှိနေပါတယ်။ “တန်းတူအခွင့်အရေးတွေရဖို့အတွက် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို ရောက်ဖို့အတွက် အချင်းချင်း ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် ပိုမိုအားကောင်းလာအောင်လုပ်ဖို့ လိုပါတယ်” ဟု ဗိုလ်နဂါးက ပြောသည်။ “ဒီလိုစည်းလုံးညီညွတ်မှုဖြင့် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ တပ်မတော်ကို မြန်မြန်ဆန်ဆန် အနိုင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးသွားရင်တော့ ဒီလိုစည်းလုံးညီညွတ်မှုဟာ ကျွန်တော်တို့နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ အခြေခံအုတ်မြစ် ဖြစ်လာမှာပါ။” ဟု ဗိုလ်နဂါးက ဆက်ပြောသည်။

CNN ရုပ်သံသတင်း Opponents vow ‘beginning of the end’ for Myanmar’s junta as resistance launches nationwide offensive ကို ခေတ်မျက်လုံးက ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံး (၅၀)ကျော် ကြဲချကာ အရပ်သားတစ်ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီကနေစပြီး (၁၀)နာရီထိ သီပေါမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ
1027 Operations မြန်မာသတင်း

သိန္နီခရိုင်ထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 12 Views
စက်တင်ဘာလ (၁၄)ရက်။ မနေ့က ည (၇)နာရီအချိန်မှာ သိန္နီခရိုင်၊ သံလွင်လျင်ဟိုမြို့နယ်ရှိ နန်ဘိုင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA
1027 Operations မြန်မာသတင်း

လားရှိုးမြို့မှာ စစ်ကောင်စီမိုင်းနင်းမိပြီး အမှိုက်ကောက်သူတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 15 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၉)ရက်နေ့က လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ရင်း(၄၁)အနီးမှာ အမှိုက်ကောက်သူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိတာကြောင့် အမှိုက်ကောက်တဲ့ အမျိုးသားရဲ့
1027 Operations မြန်မာသတင်း

အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို မှတ်တမ်းတင်ထားတယ်လို့ ညီနောင်(၃)ဖွဲ့ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 23 Views
စက်တင်ဘာလ (၁၀)ရက်။ အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအဖွဲ့တွေဆီ ပေးပို့သွားမယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးစစ်ကောင်စီဟာ သူတို့ရဲ့
1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 19 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့ ဒီကနေ့မှာ ငြင်းဆိုထားချက်အရ သိရပါတယ်။ “ MNDAA တပ်သား (၂)ဦးကို သေနတ်နဲ့
1027 Operations မြန်မာသတင်း

ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံအများစု နေရပ်မပြန်ရဲဖြစ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 18 Views
စက်တင်ဘာလ (၉)ရက်။ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံအများစု နေရပ်မပြန်ရဲဖြစ်နေတယ်လို့ SSPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၈)ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ SSPP/SSA အုပ်ချုပ်တဲ့နယ်မြေထဲ စစ်ဘေးရှောင်ပြည်သူ (၉၃၀၀)ကျော်
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 26 Views
စက်တင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီ‌ကျော်အချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Freedom Youth Volunteers(FYV)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၁၀)နာရီ (၂၅)မှာ တစ်လုံးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံးရေ (၁၀၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 25 Views
စက်တင်ဘာလ (၈)ရက်။ နောင်ချိုမြို့နယ်ရှိ သဲခေါ်ရွာ၊ မကျီးရေရွာနဲ့ စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်းတို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့ကို စစ်ကောင်စီက စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့