၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်၊ ခေတ်မျက်လုံး။
နှစ်သစ်ကူးညဖြစ်တဲ့ ဒီဇင်ဘာ (၃၁) ရက် ည (၈)နာရီက လှိုင်သာယာမြို့နယ်ထဲရှိ စစ်အုပ်စုအသိုင်းအဝိုင်းရာ နေရာ (၆) နေရာကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force-FLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီနေရာ (၆)နေရာဟာ ရဲတပ်ရင်း(၉)၊ (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်၊ (၂)ရပ်ကွက် ရာအိမ်မှူးတစ်ဦးရဲ့ နေအိမ်၊ (၁၀)ရပ်ကွက် ရာအိမ်မှူးတစ်ဦးရဲ့ နေအိမ်အပြင် ဒလန်လူမိုက် ဝင်းနိုင်ရဲ့ တပည့် ပျူစောထီးနေအိမ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေရာ(၆)နေရာကို တပြိုင်နက်ထဲ ဗုံး (၆)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရှိရသေးဘဲ တော်လှန်ရေးရဲဘော်တွေ ပစမှတ်မြို့နယ်တွေကနေ ဘေးကင်းစွာနဲ့ အသီးသီး ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီခန့် ရပ်ကျေးအသိုင်းအဝိုင်းတွေဟာ မြို့နယ်ထဲ အလွန်အမင်းဆိုးသွမ်းနေပြီး ပြည်သူအပါအဝင် တော်လှန်ရေးရဲဘော်တွေကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက် ဖမ်းဆီးနေတာကြောင့် ပြင်းပြင်းထန်ထန် အသိပေးဖောက်ခွဲတိုက်ခိုက်တာလို့ ရေးသားထားပါတယ်။
တော်လှန်ရေးအင်အားစုအနေနဲ့ ရန်ကုန်မြို့ပြကို အကြမ်းဖက်စစ်ကောင်စီက လုံးဝ အုပ်ချုပ်လို့မရစေဖို့ အစွမ်းကုန် တွန်းလှန်ခုခံနေမှာဖြစ်ပြီး မြို့ပြမှာ ပြည်သူနဲ့အတူ လျှို့ဝှက်စွာနေမယ်လို့ FLA က ပြောဆိုထားပါတယ်။
စစ်အုပ်စုအသိုင်းအဝိုင်းနေရာတွေကို Anonymous Fighters Force-AFF၊ Rangoon Urban Force-RUF နဲ့ Freeland Attack Force-FLA တို့က ရှောင်တခင် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။