အောက်တိုဘာလ (၁)ရက်။
အခု(၃)ရက်တာထဲ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သီပေါမြို့ကို စက်တင်ဘာလ (၂၈)ရက်နေ့ကနေ (၃၀)ရက်နေ့အထိ စစ်ကောင်စီတပ်က ပြည်သူတွေကို ဦးတည်ကာ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာလ (၂၈)ရက်နေ့က စစ်ကောင်စီဟာ လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ဇာတ်စုရပ်ကွက်မှာ (၃)ဦး၊ ဇာတ်စုရပ် နယ်မြေ(၃)မှာ တစ်ဦးနဲ့ ဈေးရပ်ကွက် ဘောလုံးကွင်းအနီးမှာ (၂)ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်နဲ့ ဈေးဆိုင်ခန်း (၁၀)ကျော် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာလ (၂၉)ရက် နေ့လယ် (၃)နာရီခန့်ကလဲ Y-12 လေယာဉ်နဲ့ သီပေါမြို့ထဲကို လိုက်လံဗုံးကြဲတာကြောင့် ဆေးရုံ၊ အကောင်းကြိုက်ထမင်းဆိုင်၊ ဂိုးလဖက်ရည်ဆိုင်၊ ဦးကိုဦးအိမ်အနီး၊ စာသင်ကျောင်းအနီး၊ သီပေါတံတားနဲ့ မိုးလုံလေလုံအနီးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး သီပေါမြို့ ခါလိန်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ Y-12 လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ TNLA က ပြောဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်းဒေသထဲ စက်တင်ဘာလမှာ စစ်ရှုံးစစ်ကောင်စီက အရပ်သားတွေကို ဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ (၂၆)ဦးသေဆုံးပြီး (၄၁)ဦး ဒဏ်ရာရရှိကာ နေအိမ် (၄၇)လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။