ချောင်းဦးမြို့မှာ ကားလမ်းပေါ် တောင်းရမ်းနေတဲ့ စစ်ကောင်စီတပ်တွေ အနီးကပ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရ
နိုဝင်ဘာလ (၁)ရက်။
ဒီကနေ့ နံနက် (၇)နာရီ (၄၂)မိနစ်အချိန်က ချောင်းဦးမြို့ သံလွင်မြန်မာဆီဆိုင်ရှေ့မှာ ပြည်သူ့ကားတွေကို ဝာားဆီးတောင်းရမ်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်ပစ်ခတ်ခဲ့တယ်လို့ PDF-South Monywa ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ ချောင်းဦး ခရေဖြူစခဂိတ်ကနေ ထွက်လာပြီး ချောင်းဦးနဲ့ ငါးယှဉ်ကြားက သံလွင်မြန်မာဆီဆိုင်ရှေ့မှာ လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ကားကို တားဆီးတောင်းရမ်းနေတဲ့ စခတွေကို အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF-South Monywa အပါအဝင် Zayar Shwe Myay-PDF၊ နွေဦးလူငယ် PDF နဲ့ တောကြီးသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အနီးကပ်ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သားတစ်ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားကာ (၃)ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး အဲ့ဒီထဲက (၂)ဦးဟာ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းတွေကို အတည်ပြုရေးသားထားပါတယ်။
ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီးနောက် လမ်းကြောင်းအခြေအနေ ရှုပ်ထွေးတဲ့အတွက် လက်နက်မကောက်ယူနိုင်ခဲ့ဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အလျင်အမြန် ဆုတ်ခွာခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အထိနာသွားတဲ့ စစ်ကောင်စီတပ်ဘက်က မုံရွာမြို့ကနေ သံပြားကာကား (၂)စီးနဲ့ရောက်ပြီး ငါးယှဉ်ရွာထိပ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးဟာ ချောင်းဦးမြို့နယ်၊ သန်းပင်ကန်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့နေအိမ် (၂)လုံး ထိခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေကိုယ်စား မဟာမိတ်တပ်တွေက အနူးအညွတ် တောင်းပန်ထားတယ်လို့ သိရပါတယ်။