ဇန်နဝါရီလ (၂)ရက်။
“ ၁၀၂၇ စစ်ဆင်ရေး” ကြီး မပြီးဆုံးသေးဘဲ အဘက်ဘက်က အမြန်ဆုံးအောင်မြင်မှုရရှိအောင် အတူတကွ ကြိုးပမ်းသွားကြဖို့ ကိုးကန့်တပ်(MNDAA)စစ်ဦးစီးချုပ် ဖုန်တဲရင်ရဲ့ နှစ်သစ်ကူးသဝဏ်လွှာမှာ တိုက်တွန်းထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ စားပွဲပေါ်ကအပြောတစ်မျိုး၊ လက်တွေက အလုပ်တစ်မျိုးပုံစံနဲ့ ဂျက်လေယာဉ်အသုံးပြုပြီး လောက်ကိုင်ဒေသကို အဆက်မပြတ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
MNDAA အနေနဲ့ အာဏာရှင်စနစ်ကနေ လွတ်မြောက်လိုတဲ့ စိတ်ဆန္ဒအပြည့်နဲ့ တရားမျှတမှုကို ရယူလိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ခိုင်မြဲစွာတိုက်ခိုက်ရဲတဲ့ သတ္တိတွေကို မွေးထုတ်ပေးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“ စစ်တိုက်တာဟာ မိမိတို့ ရည်မှန်းချက်မဟုတ်ပါ။ မိမိတို့ရဲ့ ရည်မှန်းချက်က စစ်ရေးကတစ်ဆင့် နိုင်ငံရေးရည်မှန်းချက်ကို ဖော်ဆောင်ခြင်းဖြစ်ပြီး မိမိတို့ကို ဖိနှိပ်နေတဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ကာ အမျိုးသားတန်းတူရေး၊ လွတ်လပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ဆောင်တာဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။
တိုင်းရင်းသားလူမျိုးစုအားလုံး၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ ကမ္ဘာတစ်ဝှမ်းက တရုတ်လူမျိုးတွေ၊ နိုင်ငံတကာမိတ်ဆွေတွေနဲ့ ပညာတတ်ပုဂ္ဂိုလ်တွေအနေနဲ့ အမျိုးသားတော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးကြဖို့ ပြောဆိုထားပါတယ်။
အခုလို အောင်မြင်မှုတွေကို အသက်ပေးစွန့်ခဲ့တဲ့ ရဲဘော်တွေအပါအဝင် တိုင်းရင်းသားညီနောင်တွေ၊ တရုတ်လူမျိုးတွေနဲ့ ပြည်သူတစ်ရပ်လုံးက အားပေးထောက်ခံကူညီတာအပြင် CDM လှုပ်ရှားမှုနဲ့ နိုင်ငံတကာက ဆိုင်ဘာမှုခင်းတိုက်ဖျက်ဖို့တွေနဲ့ အတူတကွ ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သဝဏ်လွှာမှာ ဆိုထားပါတယ်။