စက်တင်ဘယလ (၂)ရက်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို မပါ၀င် မပတ်သက်ဘဲ ဆန့်ကျင်ဖို့ မွန်တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ MSFC-DOD၊ MSRF နဲ့ MSDF တို့ရဲ့ ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ကဏ္ဍအသီးသီးမှာ ဘေးကြပ်နံကြပ် အခြေအနေကို ဆိုက်ရောက်နေတဲ့ စစ်ကောင်စီဟာ နောက်ဆုံးထွက်ပေါက်အနေနဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာနဲ့ လူစတင်စုနေပြီလို့ ဆိုပါတယ်။
အဲ့ဒီလုပ်ငန်းစဉ်တွေထဲ အသက် (၃၅)နှစ်ကနေ (၆၅)နှစ်ကြား အရပ်သားအမျိုးသားတွေကို ပစ်မှတ်ထား အကောင်အထည်ဖော်နေပြီး စစ်ကောင်စီဟာ လက်နက်အင်အား အသာစီးရနေပေမယ့် စိတ်ဓါတ်အင်အား၊ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေဟာ သိသိသာသာ ကျဆင်းလာတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို စုဆောင်းလာသူတွေကို ရပ်ကွက်နဲ့ ကျေးရွာလုံခြုံရေးတွေမှာ တာ၀န်ပေးအပ်သွားဖို့ ရည်ရွယ်ထားပေမယ့် အင်အားနည်းနေတဲ့ စစ်ကောင်စီရဲ့ စစ်တပ်ကို အားဖြည့်ဖို့ ထိခိုက်ကျဆုံးနေတဲ့ ရှေ့တန်းကို ပို့ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို ပြည်သူတွေအနေနဲ့ လုံး၀ မပါ၀င် မပတ်သက်ဖို့နဲ့ ဆန့်ကျင်ဖို့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့လဲ လုံး၀ မကူညီဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဖွဲ့တဲ့ အထက်ပါအဖွဲ့မှာ အမျိုးမျိုးပါ၀င်လုပ်ဆောင်ကူညီသူတွေကို ပြည်သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီ သတင်းပေးပို့သွားဖို့နဲ့ ပြည်သူ့သစ္စာဖောက်လို့ သတ်မှတ်ပြီး ပြတ်ပြတ်သားသား အရေးယူဖို့ ပြောဆိုထားချက်အရ သိရပါတယ်။