ဇူလိုင်လ (၃) ရက်။
မိုးကုတ်မြို့အနောက်ပိုင်း အမြင့်ဆုံးနေရာမှာ PDF အလံကို လွှင့်ထူနိုင်ခဲ့ပြီဖြစ်တယ်လို့ မိုးကုတ်ဗျူဟာ PDF က ဓာတ်ပုံနှင့်တကွ ဒီနေ့ ဇူလိုင်လ (၃) ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလာပါတယ်။
စစ်ကောင်စီဘက်ကတော့ မိုးကုတ်စစ်ဗျူဟာက ရန်သူ့လက်ကို ကျရောက်သွားပြီလို့ အတည်ပြုထားသလို ဗျူဟာမှူးက ထွက်ပြေးနေတယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ က မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မိုးကုတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေ များတယ်လို့ သိရပြီး စစ်သုံ့ပန်း ၁၅ ဦးနဲ့ လက်နက်ခဲယမ်းတွေပါ TNLA နဲ့ ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ TNLA နဲ့အတူ တခြားတော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ မန္တလေး PDF နဲ့ မိုးကုတ်ဗျူဟာတို့လည်း ပါဝင်တိုက်ခိုက်ခဲ့တာလို့ မန္တလေး PDF ကလည်း မီဒီယာတွေမှာ ဖြေကြားထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် TNLA နဲ့ PDF ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါနဲ့ မိုးကုတ်မြို့နယ်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေ မိုးကုတ်ဗျုဟာ ရရှိပြီးနောက် မိုးကုတ်အရှေ့ပိုင်းကိုလည်း စတင် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ။
မိုးကုတ်ဗျူဟာ Facebook