ဒီဇင်ဘာလ (၃)ရက်။
မနေ့က ည(၇)နာရီအချိန် နေပြည်တော်မှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီးနဲ့ အရပ်သားကားတစ်စီးတို့ တိုက်မိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Foton အပြာရောင်ကားဟာ ရွှေပြည်တော်ဝင်လမ်းအတိုင်း မောင်းနှင်လာချိန် သဇင်လမ်းဘက်ကနေ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့ Toyota Crown အနက်ရောင်ကားတို့ လမ်းဆုံမှာ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီယာဉ်တိုက်မှုထဲ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားဟာ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါတဲ့ ယာဉ်မောင်း ရဲတပ်သားတစ်ဦးအပါအဝင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင် (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီကားနဲ့ တိုက်မိခဲ့တဲ့ Toyota Crown အနက်ရောင်ကားကတော့ လမ်းဘေးမြောင်းထဲ ထိုးကျခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အသက်(၂၂)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ယာဉ်တိုက်မှုကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကား တိမ်းမှောက်ခဲ့တဲ့ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတွေထဲ စစ်ကောင်စီရဲ့ ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့တယ်လို့လဲ စစ်ကောင်စီချန်နယ်တွေက ပြောဆိုထားပါတယ်။
ဒါ့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်ထဲ ထိခိုက်ဒဏ်ရာရရှိသူတွေကို နေပြည်တော်ရှိ ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။