အောက်တိုဘာလ (၄)ရက်။
ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေ အလည်အပတ်ပတ်စ်ပို့(PV)နဲ့ မသွားကြဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်ပသွားရောက်လုပ်ကိုင်မယ့်သူတွေဟာ အလုပ်အကိုင်ပတ်စ်ပို့(PJ)နဲ့ OWIC လျှောက်ထားတာတို့ကို မပြုလုပ်ဘဲ PV ကိုသာ လျှောက်ထားပြီး လေကြောင်းခရီးနဲ့ ပြည်ပထွက်ဖို့ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုလုပ်ဆောင်တာဟာ လေဆိပ်မှာ စိစစ်တဲ့အခါ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် ပြည်ပထွက်ခွာခွင့်မရဘဲ လေယာဉ်လက်မှတ်ခအပါအဝင် အခြားကုန်ကျစရိတ်တွေ ဆုံးရှုံးရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီး PJ နဲ့ OWIC တို့ လျှောက်ထားရယူကာ တရားဝင်သွားရောက်ဖို့ စစ်ကောင်စီက ထပ်မံသတိပေးထားပါတယ်။
အခုအခါ ပြည်ပကို သွားရောက်မယ့်သူတွေကို စစ်ကောင်စီက လေဆိပ်မှာ စစ်ဆေးတင်းကျပ်တာတွေရှိပြီး သက်ဆိုင်ရာအာဏာပိုင်တွေကို ငွေကြေးပေးပြီးမှသာ ပြည်ပထွက်ခွာခွင့် ရရှိနေတာလို့ ရန်ကုန်မြို့ခံတွေက ပြောဆိုထားကြပါတယ်။
ပြီးခဲ့တဲ့ဇွန်လပိုင်းကစတင်ပြီး စစ်ကောင်စီဟာ ပြည်ပထွက်ခွာခွင့်ကို တားမြစ်တင်းကျပ်ခဲ့ပြီး PJ ကနေ PV ပြောင်းလဲရာမှာ (၆)လနဲ့အထက် သက်တမ်းတိုးတာတွေကို ခွင့်မပြုတော့သလို အသက်အရွယ်ကန့်သတ်တာတွေ ရှိလာပါတယ်။
စစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ပြီးနောက် အထွေထွေအကြပ်အတည်းတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာကြောင့် ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်တဲ့လူငယ်တွေ များပြားလာသလို စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ပိုမိုများပြားလာတယ်လို့ သိရပါတယ်။