နိုဝင်ဘာလ (၄)ရက်။
မနေ့က မြစ်ကြီးနားမြို့ပေါ်ရှိ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ခေါ်တွေ့ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေအနေနဲ့ မြို့လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို တာဝန်ရှိရှိ၊ တာဝန်သိသိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုက်တွန်းခဲ့ပါတယ်။
လုပ်ငန်းရှင်တွေဘက်က သတ်မှတ် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဧည့်စာရင်းကို အချိန်နဲ့တပြေးညီ မှန်မှန်ကန်ကန် ပေးပို့ဖို့နဲ့ လုံခြုံရေးအတွက် CCTV တွေ တပ်ဆင်ထားကြဖို့ ညွှန်ကြားခဲ့ပါတယ်။
နောက်ပြီး လုံခြုံရေးအသိ၊ သတိနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စရပ်တွေအပြင် အရေးယူနိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ပြောဆိုခဲ့သလို လုံခြုံရေးကို အထူးဂရုစိုက်ဖို့ စစ်ကောင်စီဝန်ကြီးချုပ်က ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက တားဆီးပစ်ခတ်တာကြောင့် သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့နဲ့ အနီးရှိကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ KIA တို့အကြား အပြန်အလှန်ဖမ်းဆီးတာနဲ့ သတ်ဖြတ်တာတွေ မကြာခဏရှိနေတယ်လို့လဲ ဒေသတွင်းသတင်းတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။