ဖေဖော်ဝါရီလ (၄) ရက်။
မတူပီမြို့အခြေစိုက် ခလရ (၃၀၄) စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂ဝဝ ဝန်းကျင်စစ်ကြောင်းကို မတူပီ – မင်းတပ်လမ်းတနေရာမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ CDF-Matupi က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ခြန်းပြန်းရွာကို တရွာလုံးနီးပါး မီးရှို့ခဲ့ပြီး အင်အား ၁၀၀ ဝန်းကျင်ဟာ မတူပီမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ခြန်းပြန်းရွာကို မီးရှို့တာ သူတို့မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ မြဝတီရုပ်သံသတင်းကနေ ငြင်းဆိုထားပါတယ်။
မတူပီမြို့ကနေ ၇ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ ချန်းပြန်းကျေးရွာမှာ နောက်ထပ်စစ်ကောင်စီအင်အား ၁၀၀ လောက် ကျန်ရှိနေပြီး ချင်းကာကွယ်ရေးတပ်နဲ့ အချိန်မရွေး ထိတွေ့မှုဖြစ်နိုင်တဲ့အတွက် မင်းတပ် – မတူပီမော်တော်ကားလမ်းကို ယာယီပိတ်ထားတယ်လို့ CDF-Matupi က ထုတ်ပြန်ထားပါတယ်။