စက်တင်ဘာလ (၆)ရက်။
ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က နမ့်ခမ်းမြို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့(TWO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ ပထမတော့ လေယာဉ်သံမကြားရဘူး၊ ပစ်လိုက်တဲ့အချိန်မှ ကြားရတာ။ (၂)ခါလာပစ်သွားတယ်။ ညဈေးတန်းအနောက်နားနဲ့ ကျားဖြူခန်းမဘက် ကျတယ်။ ထိခိုက်သေဆုံးတာလဲ များတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ နမ့်ခမ်းမြို့ကို လူအိပ်ချိန် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ညဈေးတန်းအနောက်ဘက်နဲ့ ကျားဖြူခန်းမတို့ဘက် ကျရောက်ပေါက်ကွဲခဲ့ပြီး (၁၁)ဦးသေဆုံးကာ (၁၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူတွေထဲ ကလေးသူငယ်နဲ့ ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် မိသားစုလိုက် သေဆုံးတာတွေ ရှိတယ်လို့ ရေးသားထားပါတယ်။
ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူနာတွေကို ပရဟိတအသင်းက နမ့်ခမ်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကာ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ TWO က ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ဒေသခံနေအိမ်တွေ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ အဆောက်အဦအချို့ မီးလောင်ပျက်စီးခဲ့ကာ မနေ့က နေ့လယ်ပိုင်းအချိန်မှာလဲ လေယာဉ် (၂)ကြိမ် ပျံဝဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နမ့်ခမ်းမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချခဲ့တာဖြစ်ပြီး ဆေးရုံရောက်ပြီးမှ ထပ်မံသေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။