နိုဝင်ဘာလ (၇)ရက်။
ညီနောင်(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ အနေနဲ့ ငြိမ်းချမ်းရေးလိုလားမှသာ ဆွေးနွေးနိုင်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တရုတ်ဝန်ကြီးချုပ် H.E Mr. Li Qiang နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ညီနောင်(၃)ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားရင် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ သူက ဆိုပါတယ်။
ညီနောင် (၃)ဖွဲ့ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်တာနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့ပေမယ့် သဘောတူညီချက်ကို ချိုးဖောက်ပြီး မြို့ရွာတွေကို တိုက်ခိုက်ခဲ့တာဆိုပြီး ပြောဆိုထားပါသေးတယ်။
နောက်ပြီး လက်နက်ကိုင်တွေအနေနဲ့ ဖြစ်လိုတာကို ရှေ့တန်းတင်မယ့်အစား ဖြစ်သင့်တာကို လုပ်ဆောင်ကြဖို့ လိုတယ်လို့လဲ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသရှိ လက်နက်ကိုင်တွေရဲ့ အထောက်အပံ့တွေဖြစ်တဲ့ တရားမဝင်လုပ်ငန်းတွေနဲ့ တရားမဝင်ကုန်သွယ်တာတွေကို တိုက်ဖျက်ရှင်းလင်းဖို့လဲ သူက ပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာပြည်တွင်း တည်ငြိမ်အေးချမ်းဖို့အတွက် အပြည့်အဝ ထောက်ခံအားပေးကူညီသွားမှာဖြစ်ပြီး စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့တာကိုလဲ ချီးကျူးခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ထောက်ခံကြောင်းနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကူညီမှာဖြစ်ပြီး တရုတ်နိုင်ငံထဲ အခြေပြုကာ မြန်မာနိုင်ငံရဲ့ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေတာတွေကို လက်သင့်မခံဘူးလို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။