နိုဝင်ဘာလ (၇)ရက်။
တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို အသုံးပြုပြီး လိမ်လည်အလှူခံတာနဲ့ ပြည်သူတွေ ယုံကြည်မှုယုတ်လျော့အောင် မသမာသူတွေက ပြုလုပ်နေတယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။
KNDF ရဲ့ ဗဟိုဌာနတွေ၊ ဗျူဟာတွေ၊ တပ်ရင်းတွေရဲ့ နာမည်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို အသုံးပြုပြီး လိမ်လည်အလှူခံတာအပါအဝင် ဂုဏ်ပြုမှတ်တမ်းလွှာတွေကို အတုလုပ်ပြီး အလှူငွေတွေ ရယူနေတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ KNDF ကို ကူညီထောက်ပံ့တာမှာ ယုံကြည်စိတ်ချစွာ အကူအညီပေးနိုင်ဖို့ သတိပြုရမယ့်အချက်တွေကို အသိပေးထားပါတယ်။
အဲ့ဒီအချက်တွေထဲ KNDF တပ်ဖွဲ့ဝင်တစ်ဦးဦး ဒါမှမဟုတ် ဌာန/ဗျူဟာ/တပ်ရင်းတွေရဲ့ နာမည်နဲ့ အလှူလာခံတာတွေရှိရင် သက်ဆိုင်ရာ ကော်မတီဝင်တွေ၊ ဗဟိုဌာနမှူးတွေ၊ ဗျူဟာမှူးတွေ၊ တပ်ရင်းမှူးတွေကို အကြောင်းကြားအတည်ပြုဖို့ ဖော်ပြထားပါတယ်။
နောက်ပြီး လာရောက်အလှူခံတာရှိရင်လဲ အလှူငွေတွေကို တစ်ခါထဲပေးတာတွေ မပြုလုပ်ဘဲ ဌာန/ဗျူဟာ/တပ်ရင်းနာမည်နဲ့ ကိုယ်ပိုင်အမှတ်တွေ တောင်းယူပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အတည်ပြုချက်ရယူပြီးမှ လှူဒါန်းဖို့ ရေးသားထားပါတယ်။
ဒါ့အပြင် KNDF တပ်ရင်းတွေအလိုက် အလှူငွေဘဏ္ဍာရှာဖွေဖို့အတွက် Facebook page တွေကို တပ်ရင်းတွေရဲ့ နံပါတ်နဲ့အတူ ဖွင့်လှစ်ခွင့်ပြုထားပြီး မူမမှန်တဲ့ အလှူငွေတောင်းခံတာတွေရှိရင် သက်ဆိုင်ရာတပ်ရင်းရဲ့ Messenger ကနေ မေးမြန်းအတည်ပြုနိုင်တယ်လို့ ပြောဆိုထားပါတယ်။
KNDF နဲ့ သက်ဆိုင်တဲ့ အလှူငွေတောင်းခံတဲ့ ကိစ္စရပ်တွေအားလုံးအတွက် အတည်ပြုချက်တွေကို KNDF ဗဟိုရဲ့ Facebook page မှာ မေးမြန်းအတည်ပြုနိုင်ပြီး သက်ဆိုင်ရာ ဗဟိုကော်မတီဝင်တွေ၊ စစ်ဦးစီး၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ ဗျူဟာမှူးတွေနဲ့ တပ်ရင်းမှူးတွေဆီ တိုက်ရိုက်အတည်ပြုဖို့ အသိပေးထားတယ်လို့ သိရပါတယ်။