ဒီဇင်ဘာလ (၇)ရက်။
အမ်းမြို့မှာ နပခစစ်ဌာနချုပ်တစ်ခုကလွဲပြီး စစ်ကောင်စီတပ်စခန်းအားလုံးကို ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။
အမ်းဒေသထဲမှာ စစ်ကောင်စီရဲ့ စခန်းနေရာ (၃၀)ကျော်ရှိတဲ့အထဲ ဒီကနေ့ဆိုရင် နပခတစ်ခုသာ ကျန်ရှိတော့တာကြောင့် နပခတိုင်းစစ်ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်ရရှိဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
အမ်းမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၃၇၁)/(၃၇၂)၊ ထောက်/ပို့နဲ့ ဆက်သွယ်ရေးတပ်တွေအပြင် လေဆိပ်နဲ့ အနီးဝန်းကျင်က စခန်းငယ်တွေအပါအဝင် တပ်စခန်း (၁၀)ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အမ်းဒေသထဲ ထိုးစစ်ဆင်နေတဲ့ တစ်ချိန်ထဲမှာ စစ်ကောင်စီဟာ ရခိုင်ရိုးမဘက်ကနေ စစ်ကူတွေကို ရဟတ်ယာဉ်တွေနဲ့ ဖြည့်တင်းနေပေမယ့် AA က ပိတ်ဆို့ဖြတ်တောက်ထားနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အမ်းဘက်ကို စစ်ကူပေးဖို့ တက်လာတဲ့ တပ်မ(၈၈)လက်အောက်ခံ နည်းဗျူဟာတစ်ခုကို တိုက်ခိုက်ခဲ့ကာ အဲ့ဒီစစ်ကြောင်းဟာ ခမရ(၃၇၁)၊ ခမရ(၄၁၅)နဲ့ ခမရ(၄၁၆)တို့ စုပေါင်းထားပြီး အင်အား (၁၃၀)ခန့်ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ကြောင်းကို (၃)ရက်ကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီရဲ့ အလောင်း (၁၀၀)ကျော်နဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကာ စစ်သုံ့ပန်းအချို့လဲဖမ်းမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသူတွေကို လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။