စက်တင်ဘာလ (၈)ရက်။
ဒီကနေ့ နံနက်အစောပိုင်းအချိန်က လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက် (၄)နာရီ (၃)မိနစ်နဲ့ (၄)နာရီ (၈)မိနစ်တို့မှာ လားရှိုးမြို့ ရပ်ကွက် (၁၂) အားကစားရုံနဲ့ ရေပူစမ်းနားက Silver Sky ဟိုတယ်နားကို ဗုံးတွေ ဆက်တိုက် ကျရောက်ပေါက်ကွဲခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ရပ်ကွက် (၁၂) အားကစားရုံရှိ ကုန်တင်ကား (၄)စီးနဲ့ ကား (၁၅)စီး ပျက်စီးခဲ့သလို အခြားယာဉ်တွေလဲ အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် Silver Sky ဟိုတယ်အနီးရှိ လယ်မြေတွေထဲ ဗုံးကျရောက်ပေါက်ကွဲကာ ပြင်းထန်တဲ့ ပေါက်ကွဲတာတို့ကြောင့် ဟိုတယ်ထဲရှိ ပစ္စည်းတွေနဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် လားရှိုးမြို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် စစ်ကောင်စီက အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်တာကြောင့် မြို့နေပြည်သူတွေ အလွန်ထိတ်လန့်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
အခုလို လူသားမျိုးနွယ်အပေါ် တမင်တကာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဟာ ငြိမ်းချမ်းရေးအတွက် လိုလားတောင့်တနေတဲ့ ပြည်သူတို့ရဲ့ဆန္ဒကို စစ်ကောင်စီက ရိုင်းစိုင်းတဲ့အပြုအမူနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး ဖျက်ဆီးနေတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။