စက်တင်ဘာလ (၉)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က လားရှိုးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၁၂)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက် (၁၀)နာရီ (၂၃)မိနစ်နဲ့ (၁၀)နာရီ (၃၀)မိနစ်ခန့်မှာ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းတပ်ဖွဲ့က လားရှိုးမြို့ လူနေရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။ လားရှိုး ရပ်ကွက် (၁)မှာ ဗုံး (၂)လုံး ကျရောက်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ကို လေကြောင်းကနေ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၁)ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၁၂)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကနဦးသတင်းတွေအရ ဗုံးပေါက်ကွဲတာကြောင့် ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ထားပြီး ထိခိုက်ဆုံးရှုံးတာနဲ့ အသေအပျောက်စာရင်း အသေးစိတ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လားရှိုးမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနဲ့ ရဲဌာနဝန်ထမ်းတွေဟာ အခင်းဖြစ်ပွားရာကို အမြန်သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
လားရှိုးမြို့ကို လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် စစ်ကောင်စီဘက်က တစုံတရာ ပြောဆိုတာမရှိဘဲ အခုလိုလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ရိုင်းစိုင်းတဲ့အပြုအမူလို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။