ဒီဇင်ဘာလ (၉)ရက်။
မနေ့က နံနက် (၁၁)နာရီအချိန်ခန့်က စစ်ကိုင်းမြို့က စစ်ကောင်စီရဲတပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရတနာပုံတပ်ဦးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းဆီးခံခဲ့ရသူဟာ စစ်ကောင်စီရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင် ကိုယ်ပိုင်အမှတ်(လ-၁၇၂၀၄၀)ဆိုသူဖြစ်ကာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက သူ့ရဲ့နေအိမ်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ ယဉ်ထွန်းမောင်ဟာ အမှတ်(၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကဖြစ်ပြီး သူနဲ့အတူ 7.62 ကျည် (၁၈)တောင့်၊ 5.56 ကျည် (၃၈)တောင့်၊ လက်ပစ် (၁)လုံး၊ လက်ထိပ် (၁)ခု၊ ဦးထုတ် (၂)လုံးနဲ့ အပေါ်ဖောင်း (၂)စုံတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲတပ်ကြပ် ယဉ်ထွန်းမောင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာမှာ သူ့ရဲ့ မိသားစုဝင်တွေကို ထိခိုက်စေတာမရှိခဲ့ဘဲ သူတစ်ဦးထဲကိုသာ ဖမ်းဆီးခဲ့တာလို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Burmese Revolution Force(BRF)၊ ရတနာပုံတပ်ဦး၊ Brave Soldiers Guerilla Force နဲ့ မဟာမိတ်တွေကို ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။