ဇူလိုင်လ (၁၀)ရက်။
ရန်ကုန်မြို့မှာ ၀မ်းပျက်၀မ်းလျှောဖြစ်ပွားသူတွေ ဆက်လက်တွေ့ရှိနေဆဲဖြစ်တယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇူလိုင်လ (၉)ရက်နေ့က ၀မ်းရောဂါလူနာသစ် (၆၄)ဦး ထပ်မံတွေ့ရှိခဲ့ကာ (၄)ရက်တာကာလထဲ ဝမ်းရောဂါဖြစ်ပွားသူ (၂၃၁)ဦးအထိရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ကတွေ့ရှိခဲ့တဲ့ ၀မ်းရောဂါဖြစ်ပွားတဲ့လူနာတွေထဲ ပြင်းထန်၀မ်းပျက်၀မ်းလျှောလူနာ (၇)ဦးရှိခဲ့ကာ စုစုပေါင်း ပြင်းထန်၀မ်းရောဂါလူနာ (၁၅)ဦးကျော်လာပြီလို့ သိရပါတယ်။
ရောဂါကူးစက်ဖြစ်ပွားတဲ့နှုန်း မြင့်တက်နေပေမယ့် ၀မ်းရောဂါကြောင့် ဆေးရုံတက်ကုသနေရတဲ့ လူနာတွေထဲက (၁၃၀)ဦးကို ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားတာကြောင့် သာကေတနဲ့ ဒေါပုံမြို့တို့က လမ်းဘေးရှိ အစားအသောက်ဆိုင်တွေကို ဇူလိုင်လ (၁၃)ရက်နေ့အထိ ပိတ်ထားဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ရန်ကုန်တိုင်းထဲ ရောဂါကူးစက်ဖြစ်ပွားတာ လျော့ကျလာပြီလို့ ထပ်မံပြောဆိုထားပေမယ့် ရောဂါတွေ့ရှိတဲ့လူနာဦးရေကတော့ ပြန်ကျလာတာမရှိဘဲ တိုးလာတယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။