စက်တင်ဘာလ (၁၀)ရက်။
မနေ့က နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲမှာ ICRC အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးတဲ့ကိစ္စတွေနဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီတာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံ့တဲ့အထဲ ပြည်သူတွေလက်၀ယ်ကို အမှန်တကယ်ရောက်ရှိစေဖို့နဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီ မရောက်ရှိဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်အနေနဲ့ ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ ဆောင်ရွက်နေတယ်ဆိုပြီး ပြောဆိုခဲ့တာကိုလဲ စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတ၀န်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ပြည်တွင်းမှာ စစ်ဘေးရှောင်ဦးရေက တရက်ထက်တရက် ပိုမိုတိုးမြှင့်လာပြီး အခုအခါ (၃)သန်းနီးပါးအထိရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအပါအ၀င် နိုင်ငံတ၀န်းရှိ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသူတွေကို ထောက်ပံ့ဖို့ ကြိုးစားနေကာ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်တာတွေကြောင့် အချိန်ကြန့်ကြာနေရတယ်လို့ သိရပါတယ်။