ဒီဇင်ဘာလ (၁၀)ရက်။
ဒီဇင်ဘာလ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က ကွမ်းလုံ-သိန္နီကားလမ်းပေါ်ရှိ နားတီးဂိတ်မှား ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ကား မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းတွေအရ သိရပါတယ်။
“ နားတီးဂိတ်နားမှာ လက်နက်တွေတင်လာတဲ့ ကိုးကန့်တပ်ရဲ့ကား ပေါက်ကွဲတာ။ ပထမတစ်လုံးက တော်တော်ကျယ်တယ်။ မြေကြီးတွေပါတုန်သွားတယ်။ စုစုပေါင်း (၃)လုံးပေါက်တာ။ မီးလောင်ပြီး ကားပေါ်က လက်နက်တွေ ပေါက်ကွဲတာ” လို့ ဆိုပါတယ်။
ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီး မီးလောင်ပေါက်ကွဲတာကြောင့် (၅)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ အရပ်သား (၂)ဦး ပါဝင်တယ်လို့ သိရပါတယ်။
“ ကားမီးလောင်ပေါက်ကွဲတော့ ဘေးနားကနေ ကပ်လိုက်လာတဲ့ အရပ်သား (၂)ဦးပါ ပေါက်ကွဲတဲ့ထဲပါပြီး သေဆုံးသွားတာ။ ပေါက်ကွဖြတာဖြစ်ပြီးတော့ အဲ့လမ်းတောက်လျောက်ကို သွားခွင့်မပေးတော့ဘူး” လို့ သူက ဆက်ပြောပါတယ်။
ကိုးကန့်တပ်ရဲ့ကား မီးလောင်ပေါက်ကွဲခဲ့ပြီးနောက် လမ်းမတလျောက်ကို ဖြတ်သန်းသွားလာခွင့်မပြုတော့သလို ကွမ်းလုံ၊ သိန္နီနဲ့ ဟိုပန်ဘက်မှာ ဖုန်းဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
အခုလို ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ကား မီးလောင်ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။
ကိုးကန့်တပ်(MNDAA)ဟာ “ ၁၀၂၇ စစ်ဆင်ရေး” ထဲ လယးရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က မြို့တွေကို သိမ်းပိုက်ထားပြီး ဂိတ်စခန်းထိုင်ကာ ပျက်စီးသွားတဲ့ လမ်း၊တံတားတွေကို ပြန်လည်တည်ဆောက်နေတယ်လို့ သိရပါတယ်။