ဩဂုတ်လ (၁၁)ရက်။
မနေ့က နေ့လယ် (၃)နာရီအချိန်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇ၀နသိဒ္ဓိရပ်ကွက်ရှိ နေအိမ်တအိမ်မှာ မိသားစု၀င် (၃)ဦး သတ်ဖြတ်လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေအရ သိရပါတယ်။
သေဆုံးသူ မိသားစု၀င် (၃)ဦးဟာ အသက် (၄၉)နှစ်အရွယ်ရှိ ဦးသန်းနိုင်ထွန်းအပါအ၀င် ဇနီးဖြစ်သူ အသက် (၄၈)နှစ်အရွယ်ရှိ ဒေါ်စောသန္တာဦးနဲ့ သားဖြစ်သူ အသက် (၂၉)နှစ်အရွယ် မောင်ရွှေအုပ်စိုးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်ရှင်ဖြစ်သူ ဦးသန်းနိုင်ထွန်းဟာ နေအိမ်ရှိ မီးဖိုချောင်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူဟာ ရေချိုးခန်းထဲ ထိုးသွင်းဒဏ်ရာ (၄)ချက်နဲ့ သားဖြစ်သူဟာ အခန်းထဲရှိ ကုတင်ပေါ်မှာ ထိုးသွင်းဒဏ်ရာ (၃)ချက်တို့နဲ့ အသီးသီး သေဆုံးနေတာလို့ ဖော်ပြထားပါတယ်။
သေဆုံးခဲ့သူ ဦးသန်းထွန်းရဲ့ နေအိမ်ထဲကနေ Ractis အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစ်စီးနဲ့ သေဆုံးသူတွေ ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်း (၃)လုံးတို့လဲ ပျောက်ဆုံးနေတယ်လို့ ရေးသားထားပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို နေပြည်တော်ရှိ ကုတင် (၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ လုယက်သတ်ဖြတ်မှု ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြို့ကြီးတွေအပါအ၀င် နေပြည်တော်လို စစ်ရုံးချုပ်တည်ရှိရာနေရာမှာလဲ လုယက်သတ်ဖြတ်တာတွေ မကြာခဏ ဖြစ်ပွားနေပြီး တရားခံတွေကိုတော့ ဖမ်းဆီးနိုင်တာမရှိဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။