ဒီဇင်ဘာလ (၁၁)ရက်။
မနေ့က နေပြည်တော်မှာ ရုရှားနိုင်ငံ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ကောင်းမွန်နေသလို ကာလ်မီးကီယာပြည်နယ်နဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောက်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့်နှစ်ထဲ ကာလ်မီးကီယာပြည်နယ်မှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ် ကျင်းပသွားဖို့ရှိနေကာ စစ်ကောင်စီဘက်က ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ဖို့ ကူညီပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
နောက်ပြီး စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်တာတွေကို မြှင့်တင်သွားတာကတဆင့် ခရီးသွားလုပ်ငန်းတွေကိုလဲ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့်အခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ပူးပေါင်းဆောင်ရွက်မယ့် အခြေအနေတွေအပြင် နှစ်ဖက် ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန် သွားရောက်ပြီး ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံပွဲကို စစ်ခေါင်းဆောင်နဲ့အတူ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ စစ်ကောင်စီဝန်ကြီးတွေဖြစ်တဲ့ ဦးတင်ဦးလွင်၊ ဦးမင်းနောင်နဲ့ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။