ဩဂုတ်လ (၁၂)ရက်။
ဩဂုတ်လ (၁၀)ရက် နံနက် (၅)နာရီခွဲအချိန်က တောင်သာမြို့၊ ဝဲလောင်ရွာအနီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံစောင့်နေတဲ့ စစ်ကောင်စီစခန်းငယ်ကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဝဲလောင်ရွာအနီး လျှပ်စစ်ဓာတ်အားခွဲရုံစောင့်နေတဲ့ စစ်ကောင်စီရဲ့ တောင်သာ-ကျောက်ပန်းတောင်းလမ်းပိုင်း စိုးမိုးနိုင်ဖို့အတွက် အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းငယ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို စီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံကနေ G2 (၁)လက်၊ M1 ကာဘိုင် (၁)လက်၊ ပွိုင့်22 (၁)လက်နဲ့ အခြား ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ဆင်ရေးကို Myingyan Black Tiger(MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနဲ့အတူ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ နေပြည်တော်တပ်ရင်း(၈၀၁)နဲ့ တောင်သာမြို့နယ် ပလဖတို့ ပူးပေါင်းတိုက်ပွဲ၀င်ခဲ့တာလို့ သိရပါတယ်။