ဇန်နဝါရီလ (၁၃) ရက်။
မင်းလှမြို့အပိုင် ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သာယာ၀တီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက် (၁၁)နာရီခန့်က ရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကျွန်းကုန်းရွာ ချောင်းမကြီးတံတားအနီးမှာ သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၃)နဲ့ တပ်ခွဲ(၂)ရဲဘော်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားအချို့ ကြောက်လန့်ထွက်ပြေးခဲ့ပြီး ကျန်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီပစ်ခတ်မှုမှာ တော်လှန်ရေးရဲဘော်တွေက ချောင်းကမ်းပါးအပေါ်စီးကနေ လက်နက်ငယ်တွေ၊ (၄၀)မမတွေနဲ့ ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် (၇)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြား ရရှိခဲ့ကြကာ အလောင်းတွေကို နာကူအသင်းကားနဲ့ လာသယ်သွားတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ဆက်လက်ပြီးလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီအနီး သွားလာနေထိုင်တာတွေ လုံး၀(လုံး၀) မပြုလုပ်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ကြိုတင်အသိပေးထားတယ်လို့ သိရပါတယ်။