ဩဂုတ်လ (၁၃)ရက်။
တကောင်းမြို့သိမ်းတိုက်ပွဲအပြီး ပြည်သူတွေက အောင်ပွဲခံကာ တော်လှန်ရေးတပ်တွေကို ထောက်ခံကြိုဆိုခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပြည်သူ့ကာကွယ်ရေးပကဖတွေ ရဲရဲရင့်ရင့်ချီတက်လာပြီလေ” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တကောင်းမြို့သိမ်းတိုက်ပွဲအပြီး ပြည်သူတွေရဲ့ အားပေးထောက်ခံမှုတွေအလယ်မှာ အောင်ပွဲခံနေကြတယ်လို့ ရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်ထားပါတယ်။
တကောင်းမြို့သိမ်းတိုက်ပွဲကို အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ)တွေနဲ့ တကောင်းတိုက်နယ် (ပကဖ)တွေ ပူးပေါင်းဆင်နွှဲခဲ့တာလို့ ဖော်ပြထားပါတယ်။
ဩဂုတ်လ (၁၂)ရက်နေ့မှာ တော်လှန်ရေးတပ်တွေက တကောင်းမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ထွေ/အုပ်ရုံး၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေအပါအ၀င် တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။
တကောင်းမြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထီးချိုင့်မြို့ကနေတဆင့် တကောင်းမြို့ကို ပကဖနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင်လပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ တကောင်းနီကယ်စက်ရုံနဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။