ဇူလိုင်လ (၁၄)ရက်။
“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းရဲ့ (၁၉)ရက်မြောက်နေ့မှာ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့တို့မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုးကုတ်မြို့ရှိ ကမ္ဘာလုံးစေတီအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ မြို့အရှေ့ပိုင်း ကြက်ခြံနဲ့ အမှိုက်ပုံအနီးက လပခ၊ ခလရ(၇၁၊၈၈)နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မိုးမိတ်မြို့ထဲက စစ်ကောင်စီရဲ့ စကခ(၂၁)၊ ခလရ(၂၂၃)နဲ့ TNLA အပါအ၀င် PLA နဲ့ MOD PDF ပူးပေါင်းတပ်တွေတို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ဆန်ဖိတ်နဲ့ (၅၀၃၊ ၅၀၄)တပ်စခန်းတွေကို TNLA က တိုက်ခိုက်ခဲ့တယ်လို့လဲ ရေးသားထားပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နောင်ချိုမြို့က နောင်လိုင်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၆)ကြိမ်အပါအ၀င် သဲခေါ်ရွာကို တစ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲကာလ (၁၉)ရက်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား (၆၁)ဦးသေဆုံးကာ (၉၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။