ဇန်နဝါရီလ (၁၅)ရက်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ စစ်ကောင်စီတပ်ရဲ့ ရေကြောင်းနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံ (၄)ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇန်နဝါရီလ (၁၄)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ Mi-35 ရဟတ်ယာဉ်တို့ဟာ မင်းပြားမြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့တစ်ချိန်ထဲမှာပဲ စစ်တွေကနေ မင်းပြားဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီရဲ့နေဗီသင်္ဘောက မြစ်ကြောင်းအနီးက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုလက်နက်ကြီးတွေဟာ မင်းပြားမြို့နယ်ရှိ ကျားရဲပြင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် (၂)လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီရဲ့ ခမရ (၃၇၇) တပ်ရင်းက နေ့လယ် (၁) နာရီခန့်မှာ မြောက်ဦးမြို့ထဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အပြင် ဂျက်ဖိုက်တာ၊ ဒရုန်းတွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ပညာနန်းရိပ် ကိုယ်ပိုင်အထက်တန်းကျောင်း မီးလောင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ရခိုင်ဒေသထဲက စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ ဗျူဟာကုန်းတွေဖြစ်တဲ့ ကျောက်တော်မြို့ရှိ အမြောက်တပ်စခန်း “ အမတ (၃၇၇)” နဲ့ ရသေ့တောင်ရှိ “ ရီစိုးချောင်းဗျူဟာကုန်း” ကို AA က အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။