ဇန်နဝါရီလ (၁၅) ရက်။
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ ကိုရာရှင်(ခ)ဟာရှင်ဟာ ရိုက်နှက်ခံရပြီး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံက သိရပါတယ်။
အသက်(၃၄)နှစ်အရွယ်ရှိ ကိုရာရှင်ဟာ ပုဒ်မ ၅၄/၅၂(က)တို့နဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရသူဖြစ်ပြီး စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့အတွက် အတွင်းကြေဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလပိုင်းကစပြီး ကျန်းမာရေးဆိုးရွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုကျန်းမာရေးဆိုးရွားခဲ့တဲ့အတွက် လုံလောက်တဲ့ ဆေးဝါးကုသမှုရရှိဖို့ ထောင်ဆေးရုံမှာ မကြာခဏဆိုသလို သွားရောက်ပြသခဲ့ရပြီး ရောဂါမသက်သာတာကြောင့် ဇန်နဝါရီလ (၁၁)ရက်မှာ အရေးပေါ်ဆေးကုသဖို့ ထောင်ပြင်ပဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ပြင်ပဆေးရုံကို အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်နိုင်ခဲ့တာမရှိတဲ့အတွက် ဇန်နဝါရီလ (၁၂)ရက်နေ့ ပြင်ပဆေးရုံမှာ အသက်ဆုံးပါးသွားခဲ့တာကို စိတ်မကောင်းဖွယ် စုံစမ်းသိရှိရတယ်လို့ PPNM က ပြောဆိုထားပါတယ်။
အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပါဆယ်ပေးပို့တဲ့အခါ နိုင်ငံခြားဆေးဝါးတွေ ပို့ဆောင်ခွင့်ကို ကန့်သတ်ထားတာ၊ ကုသမှုလုံလောက်စွာမရရှိတာနဲ့ အရေးကြီးလူနာတွေကို အချိန်နဲ့တစ်ပြေးညီ ပြင်ပဆေးရုံကို ပို့ဆောင်ပေးတာမရှိတဲ့အတွက် အခုလို သေဆုံးခဲ့တာလို့ ရေးသားထားပါတယ်။
ထောင်ဆေးရုံတွေဟာ ကျန်းမာရေးမကောင်းတဲ့လူနာတွေကို ကုသပေးပြီး အသက်ကယ်တင်ရမယ့်နေရာ ဖြစ်မနေဘဲ အကျဉ်းသားတွေမသေဆုံးခင် ထားရှိခဲ့နေရာသာဖြစ်တဲ့အတွက် လူသတ်ကွင်းဖြစ်ပြီး အကျဉ်းသားတွေကို တဖက်လက်နဲ့ သတ်ဖြတ်နေတာသာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ စာရင်းတွေအရ (၂၀၂၃) ခုနှစ်ထဲ ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့တဲ့အတွက် အကျဉ်းထောင်ထဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား/သူ (၁၇)ဦးရှိတယ်လို့ သိရပါတယ်။