ဩဂုတ်လ (၁၅)ရက်။
မနေ့က နံနက် (၁၀)နာရီအချိန်က စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ဆီဆိုင်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာတွေကို လက်နက်ကြီးနဲ့ အကြိမ် (၄၀)ကျော် ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထဲက တစ်လုံးဟာ ပန်အောင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ယာသွားနေတဲ့ ပအိုဝ်းသားအမိနှစ်ဦးကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးထိမှန်ခဲ့တဲ့ ပအိုဝ်းသားအမိနှစ်ဦးထဲက မိခင်ဖြစ်သူ အသက် (၄၀)ရွယ်ရှိ မွိုးစွန်ဟာ သေဆုံးခဲ့ရပြီး အသက် (၃)နှစ်သာရှိသေးတဲ့ သားဖြစ်သူ ကလေးငယ် ခွန်မောင်ပေးဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ပန်အောင်ကျေးရွာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်သလို တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲထားတဲ့နေရာမဟုတ်ဘူးလို့လဲ ရေးသားထားပါတယ်။
ဒါ့အပြင် လက်နက်ကြီးထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ (၃)နှစ်သားအရွယ် ကလေးငယ်ကို ဒေသခံတွေက အကြောင်းကြားလာတာကြောင့် PNLA တပ်ဖွဲ့က သွားရောက်ကယ်ဆယ်ပြီး ဆေးဝါးကုသပေးနေတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေဟာ တမင်သက်သက် ပအိုဝ်းကျေးရွာတွေက ဒေသခံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။