အောက်တိုဘာလ (၁၅)ရက်။
အောက်တိုဘာလ (၁၂)ရက်နေ့ နေ့လယ် (၁)နာရီခန့်က ပခုက္ကူမြို့ရှိ ကန်နီပျူရွာက စစ်ကောင်စီတပ်သားတစ်ဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ M.P.L People’s Defense Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အလင်းဝင်လာသူဟာ ကန်နီပျုရွာရှိ ပခုက္ကူ တပ်မ (၁၀၁)လက်အောက်ခံ (၂၅၂)တပ်ရင်းက တပ်သား ဝေဖြိုးအောင်(တ/၅၃၅၉၂၃)ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ MA3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ၅.၅၆ကျည် (၂၂၈)တောင့်နဲ့အတူ မြောက်ပိုင်းဇုန် မြိုင်ပကဖထံ အလင်းဝင်လာခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီနေ့ နံနက် (၉)နာရီကစတင်ပြီး ကန်နီပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးတွေကြဲချကာ ဝေဟင်တိုက်ခိုက်ပြီး စစ်ရေးဆောင်ရွက်ခဲ့ကြတာလို့ ရေးသားထားပါတယ်။
စစ်ဆင်ရေးဆောင်ရွက်နေတဲ့အချိန် ကန်နီပျူရွာကနေ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို မြိုင်မြို့နယ်ပကဖထံ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကန်နီပျူရွာကို MPL မြောက်ပိုင်းဇုန်ပကဖ၊ မြိုင်ပကဖစုဖွဲ့မှုတပ်ရင်း (၁) တပ်ခွဲ (၃)၊ မြိုင်ပကဖ တပ်ရင်း (၂) တပ်ခွဲ (၁/၃)၊ Royal-7၊ ပခုက္ကူခရိုင်တပ်ရင်း (၁၇)၊ Federal Star Drone Force နဲ့ ဗမာ့ဒေါင်းဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေအနေနဲ့ အသက်ကိုငဲ့ကွက်ပါက ပြည်သူ့ရင်ခွင်ကို ယုံကြည်စိတ်ချစွာနဲ့ အလင်းဝင်ရောက်လာကြဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။