အောက်တိုဘာလ (၁၅)ရက်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားတရပ် ပြုလုပ်ခဲ့ကြတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးထဲ ဘိန်းဖြူဆပ်ပြာခွက် (၁၃၅၂)ခွက်၊ ဘိန်းဖြူထုတ် (၁၂၈၅)ထုတ်နဲ့ ဘိန်းမဲ တစ်ထုပ်ကို ခန့်မှန်း(၁)ပိဿာ (၁၈)ထုတ်တို့ကို သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို MOD ဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့သလို ရပ်မိရပ်ဖတွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အခမ်းအနားမှာ ဝန်ကြီး ဦးရည်မွန်က ပြည်သူ့တော်လှန်ရေးရဲဘော်တွေကို ကူညီစောင့်ရှောက်ပေးတဲ့ ရပ်မိရပ်ဖတွေကို ကျေးဇူးတင်ကြောင်းနဲ့ မူးယစ်ဆေးဝါးကို NUG နဲ့အတူ ဝိုင်းဝန်းတိုက်ဖျက်ဖို့ တိုက်တွန်းထားပါတယ်။
တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ဆေးတဲ့အခါ မူးယစ်ဆေးဝါး သုံးစွဲတာကို ဝန်ခံထားကာ ကိုယ်တိုင်သုံးစွဲရုံသာမက သိမ်းဆည်းရမိတဲ့ ပမာဏကိုကြည့်ရင် ရောင်းဝယ်ဖောက်ကား ဖြန့်ချီနေတာလို့ သိရပါတယ်။
ဒါ့အပြင် NUG အနေနဲ့ သိမ်းပိုက်ရရှိထားတဲ့ မြို့ရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်နေပြီး စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေရဲ့ မဟုတ်မမှန် လုပ်ဆောင်တာတွေကို ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
နောက်ပြီး ခုခံတွန်းလှန်တာ မပြုလုပ်ရင် နိုင်ငံအနာဂတ် ပျောက်မှာဖြစ်တဲ့အတွက် ခေတ်သမိုင်းရဲ့ တာဝန်ပေးချက်အရ လက်နက်နဲ့ အကြမ်းဖက်နေသူကို လက်နက်နဲ့ တွန်းလှန်တိုက်ဖျက်မှရမယ့်အတွက် သန္နိဋ္ဌာန်ချမှတ်ကာ တိုက်ပွဲဝင်နေတာလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။