မေလ (၁၆)ရက်။
မေလ (၂)ရက်နေ့က ဆီဆိုင်မြို့နယ်၊ နောင်ဗိုကန်တော်လေးကျေးရွာက ရွာသူကြီး ဖြားခွန်လျောကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရွာသူကြီး ဖြားခွန်လျောဟာ ကားနဲ့ ဆီဆိုင်မြို့ကိုသွားရာကနေ ဆီဆိုင်မြို့ကိုမရောက်ခင် ပုံလောင်းကျေးရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
အခုအခါ ရွာသူကြီး ဖြားခွန်လျောကို PNO က ဖမ်းဆီးထားတာ (၁၀)ရက်ကျော်ရှိပြီဖြစ်ပြီး ဒီကနေ့အချိန်အထိ ပြန်လည်မလွတ်သေးဘဲ ကားကိုပါ PNO ပြည်သူ့စစ်အဖွဲ့က သိမ်းဆည်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ ရွာသူကြီးက ဆေးပညာလဲတတ်တော့ ကျန်းမာရေးကိစ္စဆို သူ့ပဲအားကိုးနေရတာ။ ဒေသခံတွေက ဆရာဝန်လျောလို့လဲခေါ်တယ်။ အခုဖမ်းသွားတာ (၁၀)ရက်ကျော်ပြီ၊ အဆက်အသွယ်လဲမရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရွာသူကြီး ဖြားခွန်လျောဟာ အဆက်အသွယ်လဲမရသလို သတ်ဖြတ်ခံရမှာကိုလဲ ရွာခံတွေက စိုးရိမ်နေကြကာ ပြန်လွှတ်ပေးစေလိုတယ်လို့ တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ PNO ပြည်သူ့စစ်အဖွဲ့ဟာ နောင်ရင်းကျေးရွာက ရွာသူကြီးနဲ့ ညီဖြစ်သူတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကုန်တင်ကားကိုလဲ သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။