အောက်တိုဘာလ (၁၆)ရက်။
မနေ့က ည(၈)နာရီအချိန် ကော့သောင်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ပြီး အောင်ပွဲခံ သောက်စားနေတဲ့ ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပျူစောထီးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ သန်းခေါင်စာရင်းကောက်ပြီး အောင်မြင်တဲ့ အထိမ်းအမှတ်ဆိုပြီး အောင်ပွဲခံသောက်စားပျော်ပါးနေတာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။
မလိဝမ်းကျေးရွာအုပ်စု (၁၉)မိုင်ကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ သန်းခေါင်စာရင်းကောက်တာ အောင်မြင်တဲ့အထိမ်းအမှတ်ဆိုပြီး အောင်ပွဲခံ သောက်စားပျော်ပါးနေတာကို စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က ပျူစောထီး ဦးနောင်နီနဲ့ ဦးဘဦးတို့ သေဆုံးခဲ့ပြီး ကျန်အဖွဲ့ဝင်တွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရေးသားထားပါတယ်။
ကော့သောင်းမြို့နယ်ပကဖအနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ သန်းခေါင်စာရင်းကောက်တာကို ကန့်ကွက်ပြီး အဲ့ဒီကိစ္စတွေမှာ မပါဝင်ဖို့ အကြိမ်ကြိမ် သတိပေးထားပေမယ့် ပျူစောထီးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက အားပေးကူညီနေတာလို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် သန်းခေါင်စာရင်းကောက်ပြီး အောင်ပွဲခံ သောက်စားပျော်ပါးနေတဲ့ စစ်ကောင်စီထောက်တိုင်တွေကို အခုလို စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်သလို ကျန်ရှိနေတဲ့ စစ်ကောင်စီအပေါင်းအပါတွေအနေနဲ့ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြည်သူနဲ့မပူးပေါင်းတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီသတင်းပေး သူလျှိုတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို လုပ်ထုံးလုပ်နည်းအတိုင်း အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။