ဇွန်လ (၁၈) ရက်။
အခု(၅)လတာတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၈၆၉)ဦးသေဆုံးခဲ့တယ်လို့ ဗမာ ဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီလှုပ်ရှားမှုစောင့်ကြည့်အစီအစဉ် (BFNW) ရဲ့ စာရင်းတွေအရ သိရပါတယ်။
၂၀၂၄ခုနှစ် ဇန်နဝါရီလကစပြီး မေလအထိ နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း (၂၀၇၀)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂၈၁၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က ဖမ်းဆီးခံရသူ (၄၇၀၃) ဦးရှိကာ နွေဦးတော်လှန်ရေးအင်အားစုတွေဘက်က ကျဆုံးသူ (၄၀၅) ဦးနဲ့ ဒဏ်ရာရသူ (၉၀၃) ဦးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေထဲ လူ့အခွင့်အရေးချိုးဖောက်ခံရတာနဲ့ မိုင်းပေါက်ကွဲတာတွေကြောင့် အရပ်သား (၁၀၅၃) ဦး သေဆုံးခဲ့ရကာ ဒဏ်ရာရသူ (၁၁၉၀) ဦးရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒေသခံအရပ်သား ဖမ်းဆီးခံရသူ (၂၆၇၉)ဦးရှိပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ် စုစုပေါင်း (၈၆၆၀) ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းပေါင်း (၂၀၀) ကျော်ရှိကာ ရခိုင်မှာ (၆၃)ခုနဲ့ ကချင်မှာ (၁၀၃) ခု အပါအဝင် ချင်း၊ ကရင်၊ ပဲခူး၊ ရှမ်း၊ တနင်္သာရီ၊ ကရင်နီ၊ မကွေး၊ စစ်ကိုင်း၊ မွန်နဲ့ မန္တလေးတို့က တပ်စခန်းတွေလဲ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီ (၅) လတာကာလထဲ စစ်ကောင်စီဘက်က အလင်းဝင်လာသူအရေအတွက်ဟာ (၄၁၀၁) ဦး ရှိခဲ့ပြီး အဲ့ဒီစာရင်းတွေထဲ စခန်းစွန့်ခွာထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မပါဝင်ဘူးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။