ဩဂုတ်လ (၁၈)ရက်။
ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ဒီပဲယင်းနယ်ကို လေကြောင်းနဲ့ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ နေ့လယ် (၁၂)နာရီခွဲလောက်ကစပြီး စကစက Mi-35 နဲ့ လေကြောင်းကနေ (၄)ကြိမ် ဒီပဲယင်းနယ်တဝိုက်ကို တိုက်ခိုက်ခဲ့တာပါ။ နောက် Mi-17 လေယာဉ်တစီးလဲ ဒီပဲယင်းနယ်ထဲကို ဆင်းလာတာရှိတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
ဒီပဲယင်းမြို့နယ်တစ်ခုလုံးကို ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီဘက်က အလံဖြူထောင် လက်နက်ချအညံ့ခံသူ (၁၂၃)ဦးရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းပကဖက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲထဲ အလံဖြူထောင် လက်နက်ချအညံ့ခံသူတွေဟာ ပျူစောထီး (၂)ဦး၊ Non-CDM ၀န်ထမ်း (၄၁)ဦးနဲ့ မိသားစု၀င် (၈၀)ဦးတို့ပါ၀င်ကာ ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ဆေးဝါးကုသတာတွေကို မြို့ထဲမှာပဲ ဆောင်ရွက်ပေးနေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ရေဦးမြို့ကနေထွက်လာပြီး ဒီပဲယင်းနယ်ထဲကို စစ်ကြောင်းထိုး၀င်လာတဲ့ စစ်အုပ်စုရဲ့ စစ်ကူစစ်ကြောင်းကို ရေဦးနဲ့ ဒီပဲယင်း ပကဖအဖွဲ့တွေက ထိရောက်စွာ တားဆီးနိုင်ခဲ့ပြီး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့လဲ ဖော်ပြထားပါတယ်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမှတ်(၁)စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းတွေ၊ ရွှေဘိုခရိုင် ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ဘုတလင်မြို့နယ် ပကဖတို့ ပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။