အောက်တိုဘာလ (၁၈)ရက်။
အောက်တိုဘာလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က နမ့်ဖက်ကာမြို့နယ်၊ ပန်ခါးရွာမှာ လက်နက်ကြီးဖြုတ်ရာက အမျိုးသား (၂)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပန်ခါးရွာမှာ အမျိုးသား (၂)ဦးက တိုက်ပွဲမှာ မပေါက်ကွဲသေးတဲ့ ၆၀မမ လက်နက်ကြီးကိုယူလာပြီး ဖြုတ်တာကနေ ပေါက်ကွဲတာ (၂)ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ ဆိုပါတယ်။
သူတို့ (၂)ဦးဟာ တိုက်ပွဲထဲ မပေါက်ကွဲသေးတဲ့ ၆၀မမ ဗုံးသီးတစ်လုံးက ယမ်းမှုန့်တွေကို ထုတ်ယူဖို့ကြိုးစားချိန် ပေါက်ကွဲပြီး အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာလို့ ဖော်ပြထားပါတယ်။
လက်နက်ကြီးဖြုတ်ရာကနေ ပွဲချင်းပြီးသေဆုံးသွားသူ (၂)ဦးဟာ ပန်ခါးကျေးရွာနေ ခွန်ဂျာချောင် အသက် (၂၇)နှစ်နဲ့ ခိုမုန်းရွာနေ ဦးညီထွမ်း အသက် (၆၀)နှစ်တို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာကို မာန်အောင်ခရိုင် နမ့်ဖက်ကာရဲတပ်ဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။
မေလ (၁၃)ရက်နေ့ကလဲ မပေါက်ကွဲသေးတဲ့ မိုင်းတွေကို ကလေးတွေ ယူဆော့တာကနေ ပေါက်ကွဲပြီး တစ်ဦးသေဆုံးကာ (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။