အောက်တိုဘာလ (၁၈)ရက်။
အွန်လိုင်းကနေ ငွေပေးချေနိုင်တဲ့ MyanmarPay ကို စစ်ကောင်စီဗဟိုဘဏ်က အကောင်အထည်ဖော်နေပြီး ရှေ့ပြေးစမ်းသပ်နေတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
MyanmarPay စီမံကိန်းကို ၂၀၂၁ခုနှစ်မှာ စတင်ပြင်ဆင်ခဲ့ပြီး ဆောင်ရွက်ရမယ့် Business Model တွေ၊ Infrastructure တွေ ညှိနှိုင်းပြင်ဆင်ခဲ့ကာ ၂၀၂၃ခုနှစ်မှသာ အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Myanmar pay(Digital Payment Switch)ကို အမျိုးသားအဆင့်စီမံကိန်းအနေနဲ့ ဆောင်ရွက်နေပြီး အော်ပရေတာအနေနဲ့ PayPlus Co.,Ltd.၊ နည်းပညာဆိုင်ရာအနေနဲ့ Andaman Capital Partners တို့ကို တာဝန်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
MyanmarPay (Digital Payment Switch)ကို ပြည်တွင်းသာမပ ပြည်ပနဲ့ပါ QR Payment တွေ ချိတ်ဆက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပြီး ဒီဇင်ဘာလမှာ ပြည်သူတွေ စတင်အသုံးပြုနိုင်ဖို့ လျာထားပါတယ်။
Myanmar pay(Digital Payment Switch) ရှေ့ပြေးစမ်းသပ်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ Go-Live သွားမယ့် အစီအစဉ်တွေ ကွင်းဆင်းတာကို အခုရက်ပိုင်းထဲ ကျောက်တံတားမြို့ရှိ ဗဟိုဘဏ်ဆူးလေရုံးခွဲမှာ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် Myanmar pay(Digital Payment Switch)ကို စစ်ကောင်စီဗဟိုဘဏ်ရဲ့ Payment Strategy နဲ့အညီ ဆောင်ရွက်တာဖြစ်ပြီး သတ်မှတ်ကာလထဲ ဆောင်ရွက်နိုင်ဖို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ညွှန်ကြားထားတယ်လို့ သိရပါတယ်။