နိုဝင်ဘာလ (၁၈)ရက်။
မနေ့က နံနက်ပိုင်းအစောပိုင်းအချိန်ကစပြီး မတ္တရာမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းတလျှောက်က နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
“ မနေ့က နံနက် (၃)နာရီခန့်လောက်ကစပြီး မတ္တရာမြို့နယ် မြစ်ရိုးတလျှောက်နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာပါ။ တိုက်ပွဲထဲမှာ ကာကွယ်ရေးတပ်တွေဘက်က အသာစီးရနေတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
နံနက် (၃)နာရီဝန်းကျင်ခန့်ကစပြီး မတ္တရာမြို့နယ်ရှိ ဆောက်ခြုံပေါက်၊ ငယ်တိုးနဲ့ သဖန်းဒေါင့်အပါအဝင် မြစ်ရိုးတလျှောက်က နေရာတွေမှာ ပကဖနဲ့ MOD တပ်ရင်းအချို့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က အထိနာနေတာကြောင့် မင်းကွန်းဆိပ်ကမ်းမှာ တိုက်သင်္ဘော (၂)စီးအပါအဝင် လက်နက်ကြီးတွေ၊ လေကြောင်းပစ်ခတ်တာတွေနဲ့ ပစ်ကူနေရတယ်လို့ ပြောဆိုထားပါတယ်။
မနေ့ကတိုက်ပွဲထဲ စစ်ကောင်စီဘက်က နံနက်ပိုင်းအချိန်မှာ Mi-17 (၂)စီးအပြင် ဂျက်ဖိုက်တာနဲ့ (၆)ကြိမ်အပါအဝင် တစ်ရက်ထဲ စုစုပေါင်း (၉)ကြိမ် လေကြောင်းပစ်ကူပေးခဲ့ကာ အခုလထဲ ထိတွေ့တိုက်ပွဲ (၂၇)ကြိမ်အထိ ဖြစ်ပွားခဲ့တာပါ။
အခုလို မတ္တရာမြို့နယ်ထဲ အခုလ (၉)ရက်နေ့ကစပြီး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ နှစ်ဖက် ထိခိုက်တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးဘူးလို့ သိရပါတယ်။