နိုဝင်ဘာလ (၁၈)ရက်။
ဒီကနေ့ နံနက် (၉)နာရီခန့်က တာမွေမြို့ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းဝင်းထဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“ မနက် (၉)နာရီလောက် မြို့ဦးဘုန်းကြီးကျောင်းထဲ ပေါက်ကွဲသံကြားတာ။ ပထမတော့ သာမန်ပေါက်တာလောက်ပဲထင်ကြတာ။ နောက်မှ လက်လုပ်ဗုံးပေါက်တာဆိုပြီးသိတာ။ အခင်းဖြစ်တဲ့အခန်းထဲ သွားကြည့်တော့မှ ဆရာတော် ပျံလွန်တော်မူတာတွေ့တယ်” လို့ ဆိုပါတယ်။
ဖြစ်စဉ်ဟာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သံသုမာလမ်းက မြန်မာ့ဂုဏ်ရောင်အိမ်ယာဝင်းထဲရှိ မြို့ဦးပရိယတ္တိစာသင်တိုက်ထဲ ပါဆယ်ထုပ်ကနေတဆင့် လက်လုပ်ဗုံး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ ဆရာတော်က ပါဆယ်ထုပ်ကို ဖွင့်ကြည့်တာကနေ လက်လုပ်ဗုံးပေါက်ကွဲတာလို့ပြောတယ်။ အခန်းထဲမှာပဲ ပျံလွန်တော်မူသွားခဲ့တာလို့ သိရတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။
လက်လုပ်ဗုံး ပေါက်ကွဲခဲ့တာကြောင့် သက်တော် (၅၇)နှစ်၊ ဝါတော် (၃၇)နှစ်ရှိ ကျောင်းထိုင်ဆရာတော်၊ ရပ်ကွက်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဝံသဟာ ပျံလွန်တော်မူသွားခဲ့တာပါ။
အခုလို ပေါက်ကွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ စစ်ကောင်စီတာဝန်ရှိသူတွေက ထုတ်ပြန်ထားကာ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။