ဇန်နဝါရီလ (၁၉)ရက်။
ပဲခူးရိုးမထဲက စစ်ကောင်စီရဲ့ စီဝါးဒိုးသစ်တောရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီလ (၁၈)ရက် နံနက်(၆)နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစီဝါးဒိုးသစ်တောရုံးကို ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁)၊ တပ်ခွဲ(၅) (DDF)တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုံးထဲ တစ်ယောက်မှမရှိတော့ဘဲ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စီဝါဒိုးသစ်တောရုံးကို တော်လှန်ရေးရဲဘော်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ဇန်နဝါရီလ (၁၇)ရက် ည(၉)နာရီ (၄၀)မိနစ်ကလည်း ပဲခူးမြို့ရှိ စစ်ကောင်စီရဲ့ ကလိစစ်ဆေးရေးဂိတ်ကို မိုင်း(၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ဆင်ဖြူကွင်းလမ်းထိပ်မှာ ဘယ်ရီဂိတ်ထားပြီး ကုန်ကားတွေကို ပိုက်ဆံကောက်နေတဲ့ စစ်ဆေးရေးဂိတ်ကိုလည်း ည(၁၀)နာရီခန့်က မိုင်း(၂)လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ကလိစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးနဲ့ ရဲတပ်ဖွဲ့ဝင် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးကို မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ဆေးကုသနေတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို ပဲခူးမြို့နယ်ပကဖနဲ့ Dike-U Defence Force(DDF)တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးမှာ အထိအခိုက်မရှိ အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။