မတ်လ (၁၉)ရက်။
စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို ပြည်သူတွေ အမြဲဂရုပြုဖို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က မနေ့က နမ္မတူမြို့ လူထုတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့အပါအဝင် မန်တုံနဲ့ နမ့်ဆန်မြို့တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ဒေသခံလူထုအကြား စိုးရိမ်ထိတ်လန့်နေတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ဖွယ် အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့သလို ပြည်သူတွေ အမြဲတစေ ဂရုပြုဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီလူထုတွေ့ဆုံပွဲမှာ ၁၀၂၇ စစ်ဆင်ရေးအကြောင်း ရှင်းလင်းပြောကြားတာ၊ မြို့အတွင်း ရှေ့ဆက်ဆောင်ရွက်မယ့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် PSLF/TNLA ရဲ့ အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျားက နမ္မတူမြို့နယ်အတွင်း PSLF/TNLA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲထဲ ဒေသခံတွေက မြို့အတွင်း တရားဥပဒေစိုးမိုးရေးနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေအပါအဝင် သိလိုတာတွေကို မေးမြန်း၊ အကြံပြုခဲ့ရာ TNLA ဘက်က အသေးစိတ်ပြန်လည်ရှင်းလင်းခဲ့တယ်လို့ ရေးသားထားပါတယ်။
နမ္မတူမြို့မှာ ပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲကို ဒေသခံ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ဗမာ၊ လီဆူ၊ ဂေါ်ရခါး၊ တရုတ်နဲ့ တအာင်း အစရှိတဲ့ လူမျိုးတွေနဲ့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေ စုစုပေါင်း လူဦးရေ (၃၀၀)ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။