ဇွန်လ (၁၉)ရက်။
ဒီကနေ့ ဇွန်လ (၁၉)ရက် နံနက်ပိုင်းက မန္တလေးမြို့မှာ ပန်းပန်ထားတဲ့ အမျိုးသမီးအချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
ပန်းပန်ထားတဲ့ အရပ်သားအမျိုးသမီးတွေကို ဒူးထောက် ဖမ်းဆီးထားတဲ့ပုံတွေနဲ့အတူ စစ်လော်ဘီတွေက သူတို့ရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
မန္တလေးမြို့က ပန်းပန်ထားတဲ့ အမျိုးသမီးတွေကို ပန်းသပိတ်မှာပါဝင်တယ်ဆိုပြီး စစ်ကောင်စီက (၆)ဦးထက်မနည်းကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အခုလိုဖမ်းဆီးခံရသူတွေထဲ မန္တလေးမြို့ရှိ ရွှေယမင်းလဖက်ရည်ဆိုင်ထဲ ပန်းပန်ထားပြီး စုဖွဲ့ထိုင်နေတဲ့ အမျိုးသမီးတွေလဲ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပန်းပန်ထားတဲ့ဓါတ်ပုံ တင်ထားသူ အမျိုးသမီးတွေကိုလဲ ပန်းသပိတ်မှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးဖို့ကို စစ်လော်ဘီချန်နယ်တွေက လှုံ့ဆော်နေကြပါတယ်။
ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်ပြုလုပ်ဖို့ နှိုးဆော်တာတွေရှိခဲ့ပြီးနောက် စစ်ကောင်စီက ပန်းပန်ထားတဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာပါ။
ဒီလိုဖမ်းဆီးတာတွေရှိတဲ့ကြားကပဲ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)-AFCC (Mdy) က မန္တလေးတောင်ခြေနဲ့ ကျုံးအပါအဝင် အထင်ကရနေရာတွေမှာ ပန်းသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။