စက်တင်ဘာလ (၁၉)ရက်။
ဒီကနေ့ သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီကနေ့ နေ့လယ် (၁၂)နာရီခွဲအချိန်ကစပြီး (၂)နာရီခန့်အထိ သီပေါမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် ပေါင် (၅၀၀)ဗုံးအပါအ၀င် ဗုံး (၁၁)လုံး ကြဲချခဲ့သလို တပ်စခန်းကနေတဆင့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သီပေါမြို့ရှိ ကွမ်ကျုံးကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး နံနက် (၃)နာရီခန့်က နောင်ချို့မြို့ကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးအလုံးရေ (၆၀)ကျော် လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာထဲ နောင်ချိုမြို့ရှိ ဘူတာရုံ၊ ဓမ္မာရုံအနောက်ဘက်၊ ငှက်ပျောခြံနဲ့ မြို့မဈေးထဲ ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်နဲ့ ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ TNLA အုပ်ချုပ်နေတဲ့ မြို့တွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တို့က အရပ်သားတွေကို ဦးတည်ကာ နေ့တိုင်းလာရောက်ဗုံးကြဲပြီး စစ်ရာဇဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။