အောက်တိုဘာလ (၁၉)ရက်။
ဒီကနေ့ နံနက် (၈)နာရီအချိန်က ကချင်အထူးဒေသ(၁)ရှိ ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်တွေ အပြီးသိမ်းပိုက်နိုင်ခဲ့ပါပြီ။ စစ်ကောင်စီကော သူနဲ့ပူးပေါင်းတဲ့အဖွဲ့တွေကော မရှိတော့ပါဘူး။ မနေ့ကစပြီး မြို့ထဲကို ဝင်နိုင်ခဲ့တယ်ဆိုပေမယ့် ဒီနေ့မှာ အကုန်ရှင်းနိုင်ခဲ့တာ” လို့ ဆိုပါတယ်။
ပန်ဝါမြို့ထဲကို KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ (၁၈)ရက်နေ့မှာ ဝင်ရောက်နိုင်ခဲ့ပေမယ့် ဒီကနေ့ နံနက် (၈)နာရီကစပြီး မြို့ထဲ အကုန်ရှင်းလင်းနိုင်ခဲ့ကာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေ ကင်းစင်သွားပြီလို့ သိရပါတယ်။
ပန်ဝါမြို့မှာ စစ်ကောင်စီတပ်အပါအဝင် နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းထားကာ မြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီစခန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကထဲက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာလကုန်ပိုင်းကစပြီး ချီဖွေနဲ့ ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပန်ဝါမြို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်စွန့် ထွက်ပြေးသွားကြတာလို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ (၁)ထဲက စစ်ကောင်စီတပ်စခန်းတွေ၊ နယ်ခြားစောင့်စခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ဇွန်လပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
KIA ဟာ တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့ကိုလဲ တိုက်ခိုက်နေကာ တိုက်ပွဲထဲ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် (၁၀၀၃)တပ်ရင်းဌာနချုပ်ရဲ့ ကာကင်းစခန်းအပါအဝင် စခန်း (၆)ခုထက်မနည်း သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။