ဒီဇင်ဘာလ (၁၉)ရက်။
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ အခုရက်ပိုင်းကစပြီး အလုပ်ပြန်နောက်ကျတဲ့ လူငယ်တွေကို မသင်္ကာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးနေတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ပေါ်တာဆွဲတဲ့သူတွေက စခ၊ ရခ ပါတာနည်းတယ်။ အပြာနုရောင်ဝတ်တဲ့သူတွေများပါပြီး သူတို့ဆီမှာ တုတ်၊ လက်ထိပ်တော့တွေ့တယ်။ အဲ့ကောင်တွေက လမ်းဘေးကကောင်တွေ သူတို့က လူငယ်တွေကို ကားပေါ် အတင်းဆွဲတင်သွားတာ” လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၆)ရက်နေ့နဲ့ (၁၇)ရက်နေ့ ညပိုင်းက လယ်တီကွင်းမှာ လူငယ်(၇)ဦးနဲ့ ညောင်ပင်ရပ်ကွက်က လူငယ် (၂)ဦးကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေပါတဲ့အဖွဲ့က ရဲကားနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး ပုသိမ်မြို့မှာလဲ ညဘက် (၇)နာရီခွဲနဲ့ (၈)နာရီခန့်မှာ လမ်းအချို့က လမ်းမီးတွေကိုဖျက်ပြီး အလုပ်ပြန်လူငယ်တွေကို စစ်ဆေးကာ ခိုင်လုံစွာ မဖြေရှင်းနိုင်တဲ့သူတွေကို ရဲစခန်းကို ခေါ်ဆောင်သွားတာတွေရှိနေပါတယ်။
အလုပ်ပြန်လူငယ်တွေကို အဓိကထား ဖမ်းဆီးစစ်ဆေးတာဟာ ပုသိမ်မြို့ရှိ ကမ်းနားလမ်း ပုသိမ်ထီး ကျောက်ဂူဆိပ်မှာ အဆိုးဆုံးဖြစ်ပြီး အခုရက်ပိုင်းထဲ အမျိုးသား၊ အမျိုးသမီး (၅)ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ (၁၇)ရက်နေ့ကစပြီး ပုသိမ်မြို့ရှိ ရပ်ကွက်အချို့မှာ အိမ်ငှားတွေနဲ့ အဆောင်ပိုင်ရှင်တွေကို နောက်ထပ် လူသစ်တွေမတင်ဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ နယ်မြေမှူးတွေက လိုက်လံပြောဆိုနေတယ်လို့လဲ သိရပါတယ်။